Tuesday, May 31, 2022

ဂရိရှိ အမေရိကန်အခြေစိုက်စခန်းများသည် ၎င်းနိုင်ငံ၏လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်လျက်ရှိကြောင်း တူရကီအမျိုးသားရေးလှုပ်ရှားမှုပါတီ ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း

 

Fox News; May-31(Tue)

              ဂရိနိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းများသည် တူရကီနိုင်ငံ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်စေကြောင်း တူရကီအမျိုးသားရေးလှုပ်ရှားမှုပါတီ (Nationalist Movement Party) ဥက္ကဋ္ဌ ဒဲ့ဘလက်ဘက်ချာလီ (Devlet Bahceli) က မေလ ၃၁ ရက်တွင် အခိုင်အမာပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

              နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တူရကီနှင့် ဂရိနိုင်ငံအကြား မြေပြင်၊ ရေပြင်၊ ဝေဟင်ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပေါ်နေချိန်တွင် ဂရိနိုင်ငံသည် ၎င်းနိုင်ငံ၏ ကာကွယ်ရေးမဟာဗျူဟာအရ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့၏ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။ တစ်ဖက်တွင်လည်း တူရကီနိုင်ငံ သည် ရုရှားနိုင်ငံမှ ဒုံးကျည်ကာကွယ်ရေးစနစ်သစ်များကို ထပ်မံဝယ်ယူရန် ကြိုးပမ်း လျက်ရှိသည့်အပြင် အမေရိကန်နိုင်ငံ၏ F-16 တိုက်လေယာဉ်များကိုလည်း ဝယ်ယူရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဂရိအစိုးရသည် တူရကီ၏ ရုရှား လိုလားသည့် ဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟူသော ထောက်ပြပြောဆိုမှု နှင့်အတူ အမေရိကန် အထက်လွှတ်တော်အမတ်များအား  တူရကီနိုင်ငံ၏ လက်နက် ဝယ်ယူရေး အဆိုပြုချက်များပယ်ချရန် အကြုံပြုပြောဆိုခဲ့ပါသည်။ ထို့နောက် တူရကီ အစိုးရသည် ဂရိနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးဖော်ဆောင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု များကို ရပ်တန့်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ဂရိနိုင်ငံအတွင်း အမေရိကန် အခြေစိုက်စခန်း ၃ ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ခွင့်၊ လေကျင့်မှုနှင့် စစ်ဆင်ရေးပြုလုပ်ခွင့် များရရှိခဲ့သည့် အမေရိကန်-ဂရိ ၅ နှစ်တာ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ်အပေါ် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်အရ အမေရိကန် နိုင်ငံသည် ၎င်းတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားနိုင်မည့် အခွင့်အရေးကို အသုံးချခဲ့ပါက တူရကီနိုင်ငံအပေါ် ဖိအားပေးမှုများနှင့် မြေထဲပင်လယ်အရှေ့ပိုင်းကို ထိန်းချုပ် စောင့်ကြပ်မှုများ ပြုလုပ်လာနိုင်မည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဂရိနိုင်ငံအပေါ် အမေရိကန်၏စစ်ရေးအရ ယုံကြည်အားထားနေမှုကို တူရကီနိုင်ငံအနေဖြင့် ပြင်းထန်စွာ ဆက်လက်ကန့်ကွက်သွားမည်ဖြစ်သဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခကာလအတွင်း ဒေသတွင်း  နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာ နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

               

တူရကီသည် Montreux Convention ၏ ပြဋ္ဌာန်းချက်ကို အခြေခံ၍ ပင်လယ်နက်တွင် ပြုလုပ်မည့် နေတိုးစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းခဲ့ခြင်း

 

Tass; May-31(Tue)

              ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား တင်းမာမှုများမြင့်တက်နေစဉ် မွန်ထရက် ကွန်ဗန်းရှင်း (Montreux Convention) ၏ ပြဋ္ဌာန်းချက်များအတိုင်း ပင်လက်နက်တွင် ပြုလုပ်မည့် NATO ၏ စစ်ရေးလေ့ကျင့်မှုကို တူရကီအနေဖြင့် ပယ်ဖျက်ကြောင်း၊ သို့မဟုတ် ရွှေ့ဆိုင်းကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က မေလ ၃၁ ရက်တွင် Anadolu Agency သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးအတွင်း ပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

              Montreux ကွန်ဗန်းရှင်းဆိုသည်မှာ အေဂျီယံ (Aegean) ပင်လယ်၊ မာမာရာ (Marmara) ရေလက်ကြားနှင့် ပင်လယ်နက် (Black Sea) တို့ကို ဆက်သွယ်ပေးသည့် Dardanelles နှင့် Bosphorus ရေလက်ကြားမှ စစ်သင်္ဘောများဖြတ်သန်းသွားလာမှု အပေါ် တူရကီနိုင်ငံက ထိန်းချုပ်မှုပေးထားခြင်းကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းကို ၁၉၃၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ Montreux နန်းတော်၌ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ ငြိမ်းချမ်းရေးကာလတွင် စစ်သင်္ဘောများသည် ၎င်းတို့ သယ်ဆောင်သည့် သင်္ဘောနှင့် လက်နက်များ၏ အလေးချိန်ကန့်သတ်ချက်များအား တူရကီသို့ သံတမန်နည်းလမ်းဖြင့် ကြိုတင်အကြောင်းကြား၍ ရေလက်ကြားကို ဖြတ်ကျော် နိုင်ပါသည်။ ကွန်ဗန်းရှင်းအရ စစ်ဖြစ်ချိန်များတွင် တူရကီသည် ရန်သူအုပ်စုများ၏ စစ်သင်္ဘောများ ဖြတ်သန်းသွားလာခွင့်ကို တားမြစ်နိုင်သလို စစ်ပွဲတွင် ပါဝင်သည့်အခါ၊ သို့မဟုတ် မကြာမီအန္တရာယ်နှင့် ခြိမ်းခြောက်ခံနေရသည်ဟု ယူဆပါက စစ်သင်္ဘောများ ဖြတ်သန်းသွားလာခြင်းကို တားမြစ်နိုင်ပါသည်။ တူရကီသည် ပင်လယ်နက်တွင် ယူကရိန်း၊ ရုရှားနိုင်ငံတို့နှင့် ရေကြောင်းနယ်နိမိတ်ထိစပ်လျက်ရှိပြီး ၎င်းတို့နှင့် ဆက်ဆံရေး ကောင်းမွန်သော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် တူရကီ၏ အဓိကရေလက်ကြားတွင် ရုရှားစစ်သင်္ဘောများအား Montreux ကွန်ဗန်းရှင်းပါ ပြဋ္ဌာန်းချက်များအတိုင်း ပိတ်ပေးရန် တူရကီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ဗာစီးရယ်ဘန်နာ (Vasyl Bodnar) က တူရကီအစိုးရထံ တောင်းဆိုခဲ့ပါသည်။ တူရကီအနေဖြင့် ရုရှား-ယူကရိန်း စစ်ရေး ပဋိပက္ခကို စစ်ပွဲတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုမှသာလျှင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ရေလက်ကြားရှိ သင်္ဘောသွားလာမှုဆိုင်ရာ Montreux သဘောတူညီချက်မှ ပေးအပ်ထားသော အခွင့်အာဏာကို အကျပ်အတည်းမကြီးထွားစေရန် ကာကွယ်သည့် နည်းလမ်းအဖြစ်သာ အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တူရကီအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခတွင် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများကို ဆန့်ကျင်၍ ကြားဝင်ဖျန်ဖြေသူ အခန်းကဏ္ဍကိုသာ ရွေးချယ်ရပ်တည်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

ဂရိရှိ အမေရိကန်အခြေစိုက်စခန်းများသည် ၎င်းတို့နိုင်ငံ၏လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်လျက်ရှိကြောင်း တူရကီအမျိုးသားရေးလှုပ်ရှားမှုပါတီဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း

 

Fox News; May-31(Tue)

              ဂရိနိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းများသည် တူရကီနိုင်ငံ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်လျက်ရှိကြောင်း တူရကီအမျိုးသားရေးလှုပ်ရှားမှုပါတီဥက္ကဋ္ဌ ဒဲ့ဘလက်ဘက်ချာလီ (Devlet Bahceli) က မေလ ၃၁ ရက်တွင် အခိုင်အမာ ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် ဂရိနိုင်ငံတို့သည် ၅ နှစ်တာ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ်ကို မေလအစောပိုင်းတွင် ချုပ်ဆိုခဲ့ကြပြီး အဆိုပါသဘောတူညီချက် အရ အမေရိကန်နိုင်ငံအနေဖြင့် ဂရိနိုင်ငံ၊ ခရီတီ (Crete) ကျွန်းတွင် ကာလရှည်ကြာစွာ အခြေစိုက်ထားခဲ့သည့် ရေတပ်အခြေစိုက်စခန်းအား ဆက်လက်ထားရှိခွင့်ရရှိသည့်အပြင် အခြေစိုက်စခန်းအသစ် ၃ ခုကိုလည်း ဂရိနိုင်ငံတွင် ထပ်မံတိုးချဲ့တပ်ဖြန့်ချထားခွင့် ရရှိမည်ဖြစ်ပါသည်။ အမေရိကန်နှင့် ဂရိနိုင်ငံတို့ အထက်ပါလုပ်ဆောင်ချက်နှင့် ပတ်သက်၍ ဘက်ချာလီက အမေရိကန်နိုင်ငံအနေဖြင့် တူရကီနှင့် ဂရိဆက်ဆံရေးကို ဆိုးရွားလာစေရန် ကြိုးပမ်းလျက်ရှိကြောင်းနှင့် နှစ်နိုင်ငံအကြားပဋိပက္ခများအား ပိုမို ပြင်းထန်လာစေရန် တွန်းပို့လျက်ရှိကြောင်း စွပ်စွဲပြောကြားခဲ့ပါသည်။

              ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) သည်  မေလအစောပိုင်းတွင် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း အမေရိကန် ဥပဒေပြုအမတ်များအနေဖြင့် တူရကီနိုင်ငံ၏ လက်နက်ဝယ်ယူရေးဆိုင်ရာ အဆိုပြုချက် များကို ပယ်ချသင့်ကြောင်း အကြံပြုပြောကြားခဲ့ပါသည်။ ထို့ပြင်  တူရကီနိုင်ငံသည် အမေရိကန်နှင့် ဂရိနိုင်ငံအကြားချုပ်ဆိုခဲ့သည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အပေါ် ပိတ်ပင်ရန် ကြိုးပမ်းလျက်ရှိသည့်အပြင် ရုရှားနိုင်ငံ၏ လုပ်ဆောင်ချက်များကိုလည်း ထောက်ခံလျက်ရှိကြောင်း သတင်းအရင်းအမြစ်အချို့က စွပ်စွဲပြောကြားလျက်ရှိပါသည်။ တူရကီနှင့် ဂရိနိုင်ငံတို့သည် ကျွန်းများပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားလျက် ရှိသည့် နိုင်ငံများဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်မပါဝင်ဘဲ နှစ်နိုင်ငံအကြားပဋိပက္ခများ ကိုယ်တိုင်ဖြေရှင်းသွားရန် အီရန်နိုင်ငံက ဂရိနိုင်ငံအား တိုက်တွန်းပြောကြားခဲ့ခြင်း

 

Greekcitytimes; May-31(Tue)

              အီရန်နိုင်ငံနှင့် ဂရိနိုင်ငံတို့အကြား ပဋိပက္ခများကိုဖြေရှင်းရာတွင် အမေရိကန် မပါဝင်စေဘဲ မိမိတို့သက်ဆိုင်ရာနှစ်နိုင်ငံသာ အတူတကွပူးပေါင်းဖြေရှင်းသွားလိုကြောင်း အီရန်နိုင်ငံက ဂရိနိုင်ငံအား တိုက်တွန်းပြောကြားခဲ့သည်ဟု Greekcitytimes သတင်း ဌာနက မေလ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အီရန်နိုင်ငံသည် ၎င်း၏ရေနံတင်သင်္ဘော တစ်စီးအား အမေရိကန်နိုင်ငံမှ ဖမ်းဆီးရာတွင် ပါဝင်ကူညီပေးခဲ့သည့်  ဂရိနိုင်ငံ၏ လုပ်ရပ်အား တုံ့ပြန်သည့်အနေဖြင့် မေလ ၂၇ ရက်တွင် ဂရိရေနံတင်သင်္ဘော ၂ စီးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် အီရန်အပေါ် ၎င်းတို့ချမှတ်ထား သည့် အရေးယူပိတ်ဆို့မှုများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အီရန်ရေနံတင်သင်္ဘော တစ်စီးအား ဂရိအစိုးရ၏ အကူအညီကိုရယူ၍ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပါသည်။

              အီရန်အနေဖြင့် ၎င်းတို့ဖမ်းဆီးထားသည့် ဂရိရေနံတင်သင်္ဘော ၂ စီးအား ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန်နှင့် ဂရိသံတမန်တို့က တောင်းဆိုလျက်ရှိပါသည်။ အီရန်နိုင်ငံ၏ ဂရိရေနံတင်သင်္ဘောများကို တရားမဲ့ဖမ်းဆီးမှုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်အစိုးရအနေဖြင့် ဂရိနိုင်ငံဘက်မှ ရပ်တည်ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာ့လွတ်လပ်စွာ ကုန်သွယ်ရေးကဏ္ဍ၌ အကြီးမားဆုံး အနှောင့်အယှက်ပေးနေသည့် နိုင်ငံဖြစ်လာနေခြင်းကြောင့် ၎င်း၏ကိုယ်ပိုင်မူဝါဒစည်းမျဉ်း များကို ပြန်လည်သုံးသပ်သွားရမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဆာအိဒ်ခါတစ်ဇာဒရှ် (Saeed Khatibzadeh) က ဘလင်ကန်အား ပြောကြားခဲ့ပါသည်။ ဖမ်းဆီးခံဂရိသင်္ဘောသားများ၏ ကျန်းမာရေးအခြေအနေများ ကောင်းမွန်ကြောင်းနှင့် ၎င်းတို့၏မိသားစုဝင်များနှင့်လည်း ဖုန်းအဆက်အသွယ်များ ရရှိကြောင်း ဇာဒရှ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။