Xinhua; Jan-6(Mon)
ခရိုအေးရှားနိုင်ငံတွင်
သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ယှဉ်ပြိုင်မှုအား ဇန်နဝါရီလ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ
ဝန်ကြီးချုပ်ဟောင်း ဇိုရန်မီလန်နိုဗစ် (Zoran
Milanovic) သည် မဲအရေအတွက် အနည်းငယ်အသာဖြင့် အနိုင်ရရှိခဲ့ပါသည်။ နိုင်ငံအတွင်း မဲအရေအတွက် ၉၉ ရာခိုင်နှုန်းအား ရေတွက်ပြီးချိန်တွင် မီလန်နိုဗစ်
အနေဖြင့် မဲအရေအတွက် ၅၂.၇ ရာခိုင်နှုန်းရရှိခဲ့ပြီး လက်ရှိသမ္မတ
ကိုလင်ဒါဂရာဘာ ကီတာရိုဗစ် (Kolinda Grabar-Kitarovic) သည် မဲအရေအတွက်
၄၇.၃ ရာခိုင်နှုန်း သာရရှိခဲ့ပါသည်။
ဝန်ကြီးချုပ်ဟောင်း မီလန်နိုဗစ်သည် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (Social
Democratic Party -SDP) မှဖြစ်ပြီး ၎င်းအပေါ် အခြားသော လက်ဝဲပါတီ အများစုက
ထောက်ခံလျက်ရှိသူဖြစ်ပါသည်။
ခရိုအေးရှားသမ္မတ ရွေးကောက်ပွဲများအား ၅ နှစ်တစ်ကြိမ် ကျင်းပပြုလုပ် လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် ပထမအကျော့ယှဉ်ပြိုင်မှုအား
စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ
မီလန် နိုဗစ်က မဲအရေအတွက် ၃၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ လက်ရှိသမ္မတ ကီတာရိုဗစ်
သည် မဲအရေအတွက် ၂၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း
ရရှိခဲ့ကြပါသည်။ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော မီလန်နိုဗစ်သည် ၂၀၁၁ ခုနှစ်မှ
၂၀၁၆ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် အား ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။
ယခုရွေးကောက်ပွဲအနိုင်ရရှိမှုနှင့်ပတ်သက်၍ လက်ရှိ သမ္မတ ကီတာရိုဗစ်အနေဖြင့် မီလန်နိုဗစ်အား ဂုဏ်ပြုချီးကျူးစကားပြောဆိုခဲ့ပြီး
သမ္မတ ရာထူးလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment