Tuesday, February 11, 2020

တူရကီသည် ဆီးရီးယားအစိုးရတပ်ဖွဲ့များအား လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်း

 

AP; Feb-10(Mon)

              ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အိုင်ဒဲလစ် (Idlib) ပြည်နယ်တွင် ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် တူရကီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်တွင် လက်တုံ့ပြန်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့ပါသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့ အနေဖြင့် အိုင်ဒဲလစ်ပြည်နယ်အတွင်း တိုက်ခိုက်မှုများနှင့်စပ်လျဉ်း၍ တူရကီနိုင်ငံ တွင် ဒုတိယအဆင့်ဆွေးနွေးမှုများပြုလုပ်နေစဉ်အတွင်း  အဆိုပါကဲ့သို့ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အိုင်ဒဲလစ်ပြည်နယ်အတွင်း တိုက်ခိုက်မှု များဖြစ်ပွားခြင်းသည် တူရကီနှင့် ရုရှားနိုင်ငံတို့၏ ဖျန်ဖြေမှုဖြင့် ၂၀၁၈ ခုနှစ်တွင် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို  ပျက်ပြားစေခဲ့ကြောင်း AP  သတင်းဌာနက ဖော်ပြခဲ့ပါသည်။

              တူရကီနိုင်ငံသည်  ဆီးရီးယားသူပုန်များအား ထောက်ပံ့မှုများပြုလုပ်ပေး လျက်ရှိပြီး ရုရှားနိုင်ငံကမူ အိုင်ဒဲလစ်ပြည်နယ်အား ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်း လျက်ရှိသော ဆီးရီးယားအစိုးရတပ်ဖွဲ့များအား ထောက်ပံ့ပေးလျက်ရှိပါသည်။ လက်ရှိအချိန်တွင် အိုင်ဒဲလစ်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့်  အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူအရေအတွက်သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ၇၀၀,၀၀၀ အထိ ရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် ထိုကဲ့သို့ လက်တုံ့ပြန်ရာတွင် ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များ၏ တည်နေရာ ၁၁၅ ခုအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းနှင့် ဆီးရီးယားတပ်ဖွဲ့ဝင် ၁၀၀ ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment