Tuesday, February 18, 2020

ဆိုက်ပရပ်စ်သည် တူရကီ၏ လွှမ်းမိုးမှုအား ကာကွယ်နိုင်ရန်အတွက် ပြင်သစ်နိုင်ငံမှ ဒုံးကျည်များဝယ်ယူရန် သဘောတူညီချက်ရရှိခဲ့ခြင်း

 

UPI; Feb-17 (Mon)

              ဆိုက်ပရပ်စ်နိုင်ငံသည် တူရကီ၏ ဒေသတွင်းလွှမ်းမိုးမှုကို ကာကွယ်နိုင်ရန် အတွက် ၎င်း၏ ကာကွယ်ရေးစွမ်းအားကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင် လျက်ရှိရာ ယခုအခါ ပြင်သစ်နိုင်ငံထုတ် ဒုံးကျည်များအားဝယ်ယူရန် သဘော တူညီချက်ရရှိခဲ့သည့်အပြင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌ ပြင်သစ်နိုင်ငံနှင့်အတူ စစ်ရေးဆိုင်ရာလေ့ကျင့်ခန်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဆိုက်ပရပ်စ်သည် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် Mistral နှင့် သင်္ဘောဖျက်ဒုံးကျည် Exocet  တို့အား အမေရိကန်ဒေါ်လာ ၂၆၂ သန်းဖြင့်ဝယ်ယူရန် MBDA အမည်ရှိ ဥရောပလက်နက် ထုတ်လုပ်ရေးကုမ္ပဏီနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့ပါသည်။ ထို့ပြင် အဆိုပါသဘောတူညီချက်၌ ပြင်သစ်အနေဖြင့် ဆိုက်ပရပ်စ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်အား အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားရန်လည်း ပါဝင်ကြောင်း တွေ့ရှိရပါသည်။

              နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သော ဆိုက်ပရပ်စ်နိုင်ငံ၏ မြောက်ဘက်ပိုင်း၌ တူရကီတပ်ဖွဲ့ဝင် ၃၅,၀၀၀ ဉီး တပ်စွဲလျက်ရှိပြီး ၎င်းကဲ့သို့ တပ်ဖြန့်ချထားမှုသည် နိုင်ငံ၏အချုပ်အခြာအာဏာနှင့်ပတ်သက်သော ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ဆိုက်ပရပ်စ်ကာကွယ်ရေးဝန်ကြီး ဆာဗက်စ်အိန်ဂျလီဒက် (Savvas Angelides) က ပြောကြားခဲ့ပါသည်။ ဆိုက်ပရပ်စ်၌ စစ်ရေးလေ့ကျင့်ခန်း များမပြုလုပ်မီ ပြီးခဲ့သည့်သီတင်းပတ်၌ ပြင်သစ်နိုင်ငံထံမှ ဒုံးကျည်ဝယ်ယူသွားမည့် ကြေညာချက်တစ်ရပ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ဆိုက်ပရပ်စ်တွင် ပြုလုပ်ခဲ့ သည့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း၌ ပြင်သစ်နိုင်ငံမှ Rafale  တိုက်လေယာဉ်များနှင့် Charles de Gaulle အမည်ရှိ လေယာဉ်တင်သင်္ဘောတို့ ပါဝင်ခဲ့ပါသည်။ ဆိုက်ပရပ်စ် ကာကွယ်ရေးဝန်ကြီးက ပူးတွဲလေ့ကျင့်မှုများအပေါ် ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး အနာဂတ်ကာလတွင် ပြင်သစ်နိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားရန် စီစဉ်ထားရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment