တူရကီကိုယ်စားလှယ်အဖွဲ့သည် ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ်စီရင်စုအတွင်း ဖြစ်ပွားလျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် ရုရှားနိုင်ငံ သို့ ဖေဖော်ဝါရီလ ၁၇ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း (၅၆)ကြိမ်မြောက် မြူးနစ်လုံခြုံရေးဆိုင်ရာအစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် တူရကီနိုင်ငံခြားရေး ဝန်ကြီး မက်ဗ်လုကာဗူဆိုဂလူ(Mevlut Cavusoglu)က ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အိုင်ဒဲလစ်စီရင်စုအတွင်း ဆီးရီးယားစစ်ဘက်၏ တိုက်ခိုက်မှု ကြောင့် တူရကီစစ်ဘက်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့မှုအား သည်းမခံနိုင်ကြောင်းနှင့် ဆီးရီးယားအရေးကိစ္စရပ်၌ သံတမန်ရေးကြိုးပမ်းမှုများအောင်မြင်ခြင်းမရှိပါက စစ်ရေးအရ တိုက်ခိုက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လု ကာဗူဆိုဂလူက ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။ တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန်(Recep Tayyip Erdogan)နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)တို့သည် ဖေဖော်ဝါရီလ ၁၅ ရက် တွင် တယ်လီဖုန်းဆက်သွယ်မှုများပြုလုပ်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့ပါသည်။ အမေရိကန်သမ္မတ ထရမ့်နှင့် တူရကီသမ္မတ အာဒိုဂန်တို့သည် အဆိုပါတယ်လီဖုန်းဆက်သွယ်မှုအတွင်း လစ်ဗျားပဋိပက္ခနှင့် ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ်စီရင်စုအတွင်း တိုက်ခိုက်မှုများရပ်တန့်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည့်အပြင် အမေရိကန်၏ ရာစုနှစ်သဘောတူညီချက်ဟုခေါ်ဆိုသည့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆိုင်ရာအစီအစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment