Friday, March 13, 2020

တူရကီနှင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးတို့သည် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း



Anadolu Agency; Mar-13(Fri) 

တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာ (Hulusi Akar) သည် တူရကီ နိုင်ငံသို့အလည်အပတ်ရောက်ရှိလျက်ရှိသည့် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် (Ben Wallace) အား မတ်လ ၁၂ ရက်တွင် လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်ဦးတွေ့ဆုံစဉ် ဒေသတွင်းကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု၊ ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ် (Idlib) ဒေသအတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်စပ်လျဉ်း၍ အလေးအနက်ထား ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့နှစ်ဦးအနေဖြင့် ဆီးရီးယား ပဋိပက္ခတွင် တည်ငြိမ်မှုရရှိရေး၊ တူရကီ-ဆီးရီးယား နယ်စပ်အကြား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအပြင် တူရကီ-ဗြိတိန်အကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်ဒေသအတွင်း အပစ်အခတ်ရပ်စဲရေးနှင့်စပ်လျဉ်း၍ လွန်ခဲ့သောသီတင်းပတ်အတွင်း တူရကီနှင့် ရုရှားတို့အကြား သဘောတူညီမှုရရှိခဲ့ကြပါ သည်။ အဆိုပါ သဘောတူညီချက်အရ မဟာဗျူဟာမြောက် M4 အဝေးပြေးလမ်းမကြီး၏ မြောက်ဘက်နှင့်တောင်ဘက် ၆ ကီလိုမီတာအထိ လုံခြုံရေးစင်္ကြံအဖြစ် သတ်မှတ် သွားမည်ဖြစ်ပါသည်။ သို့သော် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ၎င်းဒေသရှိ တူရကီလုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပါက ၎င်းတို့ အနေဖြင့် ပြင်းထန်စွာပြန်လည်လက်တုံ့ပြန်သွားမည်ဟု မတ်လ ၁၁ ရက်တွင် သတိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment