Presstv; Mar-19(Thu)
ဆီးရီးယားနိုင်ငံ အိုက်ဒဲလစ် (Idlib) စီရင်စုအတွင်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း ၎င်းဒေသရှိ တူရကီတပ်ဖွဲ့ဝင်နှစ်ဦးမှာ တိုက်ခိုက်သတ်ဖြတ် ခံခဲ့ရသည်ဟု တူရကီအစိုးရက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သို့သော် ၎င်းတိုက်ခိုက် သတ်ဖြတ်ခံရသူ ၂ ဦးနှင့်ပတ်သက်သော အသေးစိတ်သတင်းအချက်အလက်များကိုမူ အစိုးရက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။ ဆီးရီးယားနိုင်ငံ အိုက်ဒဲလစ်စီရင်စုအတွင်း အပစ်အခတ်ရပ်စဲထားရှိရန် တူရကီနှင့်ရုရှားတို့သည် လွန်ခဲ့သော မတ်လ ၅ ရက်နေ့တွင် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး ၎င်းသဘော တူညီချက်အရ နှစ်ဖက်လုံခြုံရေးနယ်မြေတည်ဆောက်ခြင်းနှင့် ပူးတွဲကင်းလှည့်ခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်နှင့်ပတ်သက်၍ တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က တူရကီတပ်ဖွဲ့များအနေဖြင့် ၎င်းဒေသအတွင်း ဆက်လက်အခြေချတပ်စွဲထားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။
သို့သော် လက်ရှိအချိန်တွင် ၎င်းဒေသရှိ တူရကီကျောထောက်နောက်ခံပြု အဖွဲ့များသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အားချိုးဖောက်၍ အိုက်ဒဲလစ် စီရင်စု၊ ဟီဇာရန် (Hizareen) မြို့အနီးရှိ အစိုးရတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက် ခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က မတ်လ ၁၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုတွင် အစိုးရအဖွဲ့အနေဖြင့် တူရကီ ကျောထောက် နောက်ခံပြု လက်နက်ကိုင်အဖွဲ့ဝင်အချို့အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြ ခဲ့ပါသည်။ ၎င်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့များသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အပေါ် လိုက်နာလုပ်ဆောင်ခြင်းမရှိဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment