Sunday, May 3, 2020

TF-X တိုက်လေယာဉ်စီမံကိန်းအတွက် TAI နှင့် HAVELSAN နည်းပညာ ကုမ္ပဏီတို့အကြား သဘောတူညီချက်ရရှိခဲ့ခြင်း


Defenseworld; May-3(Sun)
              တူရကီလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ (Turkish Aerospace Industries- TAI) သည် ပြည်တွင်းထုတ် TF-X တိုက်လေယာဉ်စီမံကိန်း၌ လေယာဉ်တည်ဆောက် ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များတွင် နည်းပညာသုံး ဆော့ဖ်ဝဲလ်များအား ထည့်သွင်းအသုံးပြုနိုင်ရေးအတွက် HAVELSAN နည်းပညာကုမ္ပဏီနှင့် သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ သဘောတူလက်မှတ်ရေးထိုးမှုအား တူရကီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းစုအကြီးအကဲ ဒေါက်တာ အစ္စမေလ်းဒီမာ (Dr.Ismail Demir) က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး သဘောတူညီချက်တွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စစ်ဆေးရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် သဏ္ဌာန်တူလေ့ကျင့်ဆောင်ရွက်နိုင်မည့် ဆော့ဖ်ဝဲလ်များ ပါဝင်မည်ဖြစ်သည်ဟု ၎င်းက ထုတ်ဖော်ပြောကြားခဲ့ပါသည်။
              ထို့ပြင် တူရကီအနေဖြင့် အဆိုပါ ပြည်တွင်းထုတ်တိုက်လေယာဉ်စီမံကိန်း အောင်မြင်ပါက ပဉ္စမမျိုးဆက်တိုက်လေယာဉ်များ ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ TF-X တိုက်လေယာဉ်သည် TAI လေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး ၎င်းစီမံကိန်းတွင် ဗြိတိန်အခြေစိုက် လေကြောင်းကုမ္ပဏီဖြစ်သော BAE System ကုမ္ပဏီမှ နည်းပညာထောက်ပံ့မှုများ ပြုလုပ်လျက်ရှိပါသည်။ တူရကီ အစိုးရအနေဖြင့် အဆိုပါတိုက်လေယာဉ်ပုံစံငယ်အား ၂၀၁၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော လေကြောင်းပြပွဲ၌ ထုတ်ဖော်ပြသခဲ့ပြီး ၎င်းလေယာဉ်များအား ၂၀၂၅ ခုနှစ်အတွင်း စတင်စမ်းသပ်ပျံသန်းနိုင်ရေးအတွက် စီစဉ်လျက်ရှိကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment