Monday, June 15, 2020


တူရကီစစ်ဘက်သည် မကြာမီအချိန်အတွင်း Kamikaze Kargu အမည်ရှိ မောင်းသူမဲ့လေယာဉ်များ လက်ခံရရှိဖွယ်ရှိခြင်း

Defenseworld; Jun-15 (Mon)
              တူရကီစစ်ဘက်သည် Kamikaze Kargu အမည်ရှိ မောင်းသူမဲ့လေယာဉ် ၅၀၀ စီးအား နိုင်ငံ၏ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် STM ကုမ္ပဏီ ထံမှ မကြာမီအချိန်အတွင်း လက်ခံရရှိသွားဖွယ်ရှိကြောင်း အန်နာဒိုလူ (Anadolu) သတင်းဌာနက ဇွန်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီစစ်ဘက်အနေဖြင့် အဆိုပါမောင်းသူမဲ့လေယာဉ်များအား ၂၀၁၉ ခုနှစ်မှစ၍ အသုံးပြုခဲ့ရာ လက်ရှိအချိန်အထိ တွင်ကျယ်စွာ ဆက်လက်အသုံးပြုလျက်ရှိပါသည်။ ထို့ပြင် အဆိုပါမောင်းသူမဲ့ လေယာဉ်များသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် လေ့ကျင့်ရေးလုပ်ငန်းတာဝန်များ စတင်လုပ်ဆောင်ချိန်မှစ၍ တစ်စီးချင်းဖြစ်စေ၊ ၂၀ စီးထက်ကျော်သည့် ယာဉ်အုပ်စု လိုက်ဖြစ်စေ ၎င်းတို့၏ လုပ်ငန်းတာဝန်များအား ဆောင်ရွက်နိုင်စွမ်းရှိပြီး အမျိုးမျိုးသော လုပ်ငန်းတာဝန်များကိုလည်း နည်းစနစ်ကျနစွာ ထမ်းဆောင်နိုင်ခဲ့ကြောင်း အန်နာဒိုလူ သတင်းဌာနက ထပ်လောင်းဖော်ပြခဲ့ပါသည်။
              တူရကီစစ်ဘက်သည် Kargu မောင်းသူမဲ့လေယာဉ်များအား ပင်လယ်‌ရေကြောင်း ဆိုင်ရာစနစ်များ၊ သံချပ်ကာယာဉ်များနှင့် မြေပြင်အခြေစိုက်လက်နက်စနစ်များဖြင့် ပေါင်းစပ်အသုံးပြုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်များအား နိုင်ငံအတွင်း စမ်းသပ်အသုံးပြုခဲ့ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး အတွက် STM ကုမ္ပဏီအနေဖြင့် ပြည်ပနိုင်ငံ ၃ နိုင်ငံနှင့် ဆွေးနွေးမှုများပြုလုပ်လျက် ရှိနေကြောင်း အန်နာဒိုလူသတင်းဌာနက ဖော်ပြခဲ့ပါသည်။ မောင်းသူမဲ့လေယာဉ်များသည် ဂျီပီအက်စ်စနစ် ဖမ်းယူရရှိနိုင်ခြင်းမရှိသည့် နေရာများတွင်လည်း ပုံရိပ်ရှာဖွေသည့် လုပ်ငန်းစဉ်များအား လုပ်ဆောင်နိုင်ပြီး ၎င်းတို့၏ လုပ်ငန်းတာဝန်များကို မည်သည့် နယ်မြေဒေသတွင်မဆို ကောင်းမွန်စွာ ဆောင်ရွက်နိုင်စွမ်းရှိပါသည်။ STM ကုမ္ပဏီ အနေဖြင့် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ပြီးနောက် ၁၂ လမှ ၁၈ လအကြာတွင် တူရကီစစ်ဘက်၌ Kargu မောင်းသူမဲ့လေယာဉ်များအား အသုံးပြုမောင်းနှင်ရန်အတွက်  ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 

သုံးသပ်ချက်
              တူရကီအစိုးရသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်လျက်ရှိပြီး မျိုးဆက်သစ်စစ်လက်နက်ပစ္စည်းများစွာ ထုတ်လုပ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ တူရကီနိုင်ငံသည် ကမ္ဘာ့နိုင်ငံများ အနက် စစ်ရေးအင်အားခိုင်မာအားကောင်းသောနိုင်ငံအဖြစ် အဆင့် ၉ နေရာတွင် ရပ်တည် လျက်ရှိပြီး နေတိုးအဖွဲ့အတွင်းတွင်လည်း အဆင့် ၄ နေရာ၌ ရပ်တည်လျက်ရှိသည့် နိုင်ငံဖြစ်ပါသည်။ ပဉ္စမမျိုးဆက်သစ် စစ်လက်နက်ပစ္စည်းများနှင့် တိုက်လေယာဉ်များ ဝယ်ယူတပ်ဆင်ခြင်းအပြင် ပြည်တွင်းကာကွယ်ရေး စစ်လက်နက်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းကဏ္ဍတွင်လည်း တိုးတက်မှုရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တူရကီနိုင်ငံ သည် လက်ရှိအချိန်တွင် ဆီးရီးယားနိုင်ငံအတွင်း စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ အဆိုပါစစ်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် လက်နက်အားလုံးနီးပါး မှာ ပြည်တွင်း၌ ထုတ်လုပ်ခဲ့သည့် လက်နက်များဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် မကြာမီအချိန်အတွင်း၌ အဆိုပါမောင်းသူမဲ့ ယာဉ်များ လက်ခံရရှိရန်စီစဉ်ခြင်းသည် တူရကီနိုင်ငံ၏ စစ်ရေးစွမ်းအားကို မြှင့်တင် ရုံသာမက စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုအဆင့်အတန်း ပိုမိုတိုးတက်စေရန် တွန်းအားပေး ဆောင်ရွက်သော လုပ်ရပ်တစ်ခုအဖြစ်ရှုမြင်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment