Tass;Jul-15(Wed)
တူရကီနှင့်
ရုရှားနိုင်ငံတို့သည် S-400 မြေပြင်မှဝေဟင်ပစ်
ဒုံးကျည်စနစ်နှင့် ပတ်သက်၍ ဒုတိယမြောက်တပ်ရင်းကြီးအား တူရကီနိုင်ငံသို့
ပေးပို့ရေးအတွက် ဆွေးနွေးမှု များကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း
ရုရှားနိုင်ငံဆိုင်ရာ တူရကီသံအမတ် မာမက် ဆမ်ဆာ (Mehmet Samsar) က ဇူလိုင်လ ၁၅ ရက်တွင် ပြောကြားခဲ့ပါသည်။ ရုရှား-တူရကီဆက်ဆံရေးနှင့်
ပူးပေါင်းဆောင်ရွက်မှုသည် နယ်ပယ်အားလုံးတွင် တိုးတက်မှု များဖြစ်ပေါ်လျက်ရှိပြီး
အထူးသဖြင့် ကာကွယ်ရေးစက်မှုလုပ်ငန်းကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုသည်
အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိကြောင်း ဆမ်ဆာက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီအနေဖြင့်
နှစ်နိုင်ငံခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားရန်
ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းလည်း ဆမ်ဆာက ပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံသည်
ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် များဝယ်ယူသည့် ပထမဆုံးသော NATO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်၊
ဇူလိုင်လ ၁၂ ရက် တွင် အဆိုပါဒုံးကျည်စနစ်များအား
စတင်လက်ခံရရှိခဲ့ပါသည်။ ရုရှားနိုင်ငံထုတ် S-400 ဒုံးကျည်စနစ်များဝယ်ယူမည့်
တူရကီ၏ဆုံးဖြတ်ချက်ကြောင့် အမေရိကန်နိုင်ငံနှင့် NATO
အဖွဲ့တို့ထံမှ ဖိအားပေးကန့်ကွက်မှုများ ထွက်ပေါ်ခဲ့ပါသည်။
သို့သော်လည်း တူရကီအနေဖြင့် ဖိအားများကိုဆန့်ကျင်၍ S-400 စနစ်များဝယ်ယူနေမှုအား စွန့်လွှတ် သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ S-400 “ Triumf ” ဒုံးကျည်စနစ်သည် ရုရှား နိုင်ငံတွင် ၂၀၀၇ ခုနှစ်၌ စတင်အသုံးပြုခဲ့သည့်
တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေး စနစ်ဖြစ်ပြီး
တာလတ်ပစ်လက်နက်စနစ်များအပါအဝင် လေယာဉ်များ၊ ခရုဇ်ဒုံးကျည်နှင့် ပဲ့ထိန်းဒုံးကျည်များအားပစ်ချနိုင်ကြောင်း
သိရှိရပါသည်။
သုံးသပ်ချက်
S-400 Triumf ဒုံးကျည်စနစ်သည် ရုရှားနိုင်ငံတွင် ၂၀၀၇ ခုနှစ်၌ စတင် အသုံးပြုခဲ့သည့်
တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်ပြီး တာလတ်ပစ် လက်နက်များအပါအဝင်
လေယာဉ်များ၊ ခရုဇ်ဒုံးကျည်နှင့် ပဲ့ထိန်းဒုံးကျည်များအား ပစ်ချနိုင်ပါသည်။ ရုရှားနှင့်
တူရကီတို့သည် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုး ရှိသည့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ၄ ခု ဝယ်ယူရေး သဘောတူညီမှုအား ၂၀၁၇ ခုနှစ်၊
စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး တူရကီသည် ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များဝယ်ယူသည့် ပထမဆုံးသော NATO အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် တူရကီသည် အမေရိကန်နိုင်ငံထံမှ F-35 တိုက်လေယာဉ် ၁၀၀ စီးဝယ်ယူရန် စီစဉ်ထားရှိခဲ့ရာ အမေရိကန်က တူရကီ၏ S-400 ဝယ်ယူမှုသည် ၎င်းတို့၏ F-35 တိုက်လေယာဉ်များအပေါ်
ခြိမ်းခြောက်မှုဖြစ်စေသည် ဆိုသောအကြောင်းပြချက်ဖြင့် ကန့်ကွက်လျက်ရှိပါသည်။
ထို့ပြင် F-35 တိုက်လေယာဉ် များရောင်းချပေးရန်
စီစဉ်ထားမှုကို ရပ်ဆိုင်းရန်နှင့် စီးပွားရေးအရအရေးယူပိတ်ဆို့မှု များပြုလုပ်ရန်လည်း
ခြိမ်းခြောက်ပြောကြားခဲ့ပါသည်။ သို့သော်လည်း တူရကီအနေဖြင့် ဖိအားပေးမှုများကိုဆန့်ကျင်၍
S-400 စနစ်များဝယ်ယူနေမှုအား စွန့်လွှတ်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီး
ရုရှားအနေဖြင့်လည်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် တွင် S-400 ဒုံးကျည်စနစ်များအား ပထမအသုတ်အဖြစ် တူရကီနိုင်ငံသို့ လေကြောင်းမှ
ပေးပို့ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်းကလည်း S-400 ပထမအသုတ်အတွက် ဒုံးကျည် ၁၂၀ စင်းကျော်ပေးပို့ခဲ့ပြီး
လက်ရှိတွင်လည်း တူရကီနှင့် ရုရှားသည် ယင်းဒုံးကျည် စနစ်များ၏ ဒုတိယအသုတ်ပေးပို့မှုအတွက် ဆက်လက်ဆွေးနွေးလျက်ရှိပါသည်။
တူရကီအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူမှုနှင့်
ပတ်သက်၍ NATO
အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း
၎င်းတို့၏ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန်အတွက် ဝယ်ယူရေးအစီအစဉ်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထို့ပြင် တူရကီအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းကဏ္ဍ၌
ပြည်ပနိုင်ငံများ၏ အမှီအခိုကင်းစွာဖြင့် ရပ်တည်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ကို
တွေ့ရှိရပါသည်။ ထို့ကြောင့် တူရကီနိုင်ငံ သည် S-400 စနစ်များဝယ်ယူမှုမှတစ်ဆင့် ရုရှားထံမှ ဒုံးကျည်နည်းပညာများရယူကာ ၎င်းတို့၏ ရည်ရွယ်ချက်အောင်မြင်ရေးအတွက် ဆောင်ရွက်လာနိုင်ဖွယ်ရှိကြောင်း
သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment