Reuters;
Aug-12 (Wed)
ဟန်ဂေရီနိုင်ငံသည် အမေရိကန်စစ်လက်နက်ပစ္စည်း
ထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည့် Raytheon ကုမ္ပဏီမှ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ
ဝယ်ယူရေး ဆိုင်ရာ ကြေညာချက်တစ်ခုကို ဩဂုတ်လ ၁၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနဖြစ်သော MTI သတင်းဌာနက ကာကွယ်ရေးဝန်ကြီး
တီဘောဘန်ကို (Tibor Benko) ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။ အမေရိကန်ဒေါ်လာ
၁ ဘီလီယံခန့်တန်ဖိုးရှိသော အဆိုပါသဘောတူညီချက်အား
နိုင်ငံခြားစစ်ဘက်ရောင်းဝယ်ရေး အဖွဲ့က စီမံခန့်ခွဲ၍
စက်တင်ဘာလကုန်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဟန်ဂေရီနိုင်ငံရှိ
စစ်လက်နက်ပစ္စည်းအများစုသည် ကွန်မြူနစ်ခေတ်ကာလမှစတင် အသုံးပြုလာခဲ့သော လက်နက်များဖြစ်သောကြောင့်
လက်ရှိတွင် ကာကွယ်ရေးအသုံး စရိတ်ကိုတိုးမြှင့်၍ စစ်ဘက်အား အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
ဟန်ဂေရီနိုင်ငံသည်
မကြာသေးမီအချိန်က ဂျာမနီနိုင်ငံမှ တင့်ကားများဝယ်ယူ ခဲ့သည့်အပြင် ၎င်း၏လေကြောင်းစွမ်းရည်များကိုလည်း အဆင့်မြှင့်တင်ရန်
ကြိုးပမ်းလျက် ရှိပါသည်။ ဟန်ဂေရီနိုင်ငံ၏
ယခင်အစိုးရများသည် ပြီးခဲ့သည့်နှစ်များအတွင်း စီးပွားရေး ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်အဓိကထား လုပ်ဆောင်ခဲ့သော်လည်း
လက်ရှိဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban)၏ အစိုးရအဖွဲ့သည် စစ်ဘက်အဆင့်မြှင့်တင်မှုအား
အဓိကထား လုပ်ဆောင်လျက်ရှိပါသည်။ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter
Szijjarto) သည် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်
(Budapest) မြို့၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို (Mike Pompeo)
နှင့် ၂၀၁၉ ခုနှစ်တွင်ပြုလုပ် ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အမေရိကန်နိုင်ငံထုတ်
လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ဝယ်ယူမည့်ကိစ္စရပ်အား ကြေညာခဲ့ခြင်းဖြစ်ကြောင်း
သိရှိရ ပါသည်။
သုံးသပ်ချက်
ဟန်ဂေရီနိုင်ငံသည် အရှေ့ဥရောပဒေသတွင်
တည်ရှိသည့် NATO အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။
ဟန်ဂေရီနှင့် အမေရိကန်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ၁၈၆၇ ခုနှစ်မှစတင်၍ တရားဝင်တည်ထောင်ခဲ့ပြီး ယနေ့အချိန်ထိ
ဆက်ဆံရေးကောင်းမွန် လျက်ရှိပါသည်။ NATO
အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၂ ခုနှစ်နောက်ဆုံးထား၍ ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီ၏
၂ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုရမည်ဟု သတ်မှတ်ချက် ရှိသဖြင့် ဟန်ဂေရီနိုင်ငံသည်
လက်ရှိအချိန်တွင် ဂျီဒီပီ၏ ၁.၂ ရာခိုင်နှုန်းအထိသာ
သုံးစွဲ လျက်ရှိသဖြင့် ယခုထက် ပိုမိုတိုးမြှင့်သုံးစွဲရန် လုပ်ဆောင်လျက်ရှိပါသည်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်
(Vitor Orban)၏ အစိုးရအဖွဲ့သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍထက်
စစ်ဘက်ဆိုင်ရာမြှင့်တင်မှုကိုသာ အဓိက ထားလုပ်ဆောင်လျက်ရှိပါသည်။
ထို့ကြောင့် ဟန်ဂေရီနိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် အဆင့်မြှင့်တင်ထားသော
ဝေဟင်မှဝေဟင်ပစ် တာလတ်ပစ်ဒုံးကျည် (Advanced Medium-Range Air-to-Air Missiles -AMRAAM)
၁၈၀ စင်းနှင့် အပိုပစ္စည်း ၄ ခုကို ဝယ်ယူရန်တောင်းဆိုခဲ့ပြီး အမေရိကန်လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီသည်
၂၀၂၀ ပြည့်နှစ်၊ မေလတွင် AMRAAM ၆၀ စင်းကို ဟန်ဂေရီနိုင်ငံသို့
ရောင်းချသွားမည်ဟု ကြေညာခဲ့ပါသည်။
ယခုတွင်လည်း
ဟန်ဂေရီနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ၁ ဘီလီယံတန်ဖိုးရှိ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် NASAMS (
National Advance Surface to Air Missile
System) များဝယ်ယူရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်
ဟန်ဂေရီနှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးမှာ စစ်ရေးကဏ္ဍတွင်သာမက ကဏ္ဍအသီးသီးတွင်လည်း
ဆက်လက်ကောင်းမွန်နေမည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment