Thursday, September 3, 2020

ဂရိနှင့် တူရကီအကြား တင်းမာမှုလျှော့ချရေး ဆွေးနွေးသွားရန် သဘောတူညီမှု ရရှိခဲ့သည်ဟု နေတိုးအဖွဲ့အကြီးအကဲက ပြောကြားခဲ့ခြင်း

 

France24; Sep-4 (Fri)

          ကမ်းလွန်စွမ်းအင်တူးဖော်ခွင့် ကိစ္စရပ်များနှင့်ပတ်သက်၍ မြေထဲပင်လယ် အရှေ့ပိုင်း၌ ဖြစ်ပွားလျက်ရှိသော စစ်ရေးတင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် လုပ်ငန်းအဆင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားရန် ဂရိနှင့် တူရကီတို့အကြား သဘော တူညီမှုရရှိခဲ့သည်ဟု နေတိုးအဖွဲ့အကြီးအကဲ ဂျင်စတိုတန်ဘတ်ဂ် (Jens Stoltenberg) က စက်တင်ဘာလ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သို့သော် အဆိုပါ ပြောကြားချက်အပေါ် ဂရိနိုင်ငံမှငြင်းပယ်ခဲ့ပြီး မည်သည့်သဘောတူညီချက်တစ်စုံတစ်ရာမျှ ရရှိခဲ့ခြင်းမရှိကြောင်းနှင့် ပထမဆုံးအနေဖြင့် အငြင်းပွားရေပိုင်နက်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်လျက်ရှိသော တူရကီသင်္ဘောများ အမြန်ဆုံးပြန်လည်ထွက်ခွာ သွားရန် တုံ့ပြန်ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံကမူ စတိုတန်ဘတ်ဂ်၏ အစီအစဉ် အား ထောက်ခံခဲ့ပြီး ဂရိနိုင်ငံကိုလည်း ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဂရိနှင့် တူရကီအကြား ဆက်ဆံရေးသည် ပြီးခဲ့သော ဇူလိုင်လအတွင်းက ဂရိနှင့် ဆိုက်ပရပ်စ်တို့၏ ရေပိုင်နက်အတွင်းသို့ တူရကီမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာ သုတေသနသင်္ဘောအား စစ်ရေယာဉ်အစောင့်အရှောက်များဖြင့် စေလွှတ်ခဲ့ပြီး နောက်ပိုင်း တင်းမာမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဂရိအနေဖြင့်လည်း အဆိုပါအငြင်းပွားနေရာသို့ စစ်ရေယာဉ်များစေလွှတ်ခဲ့ပြီး ၎င်း၏စစ်ဘက်တပ်ဖွဲ့များ ကိုလည်း အသင့်ပြင်ဆင်မှုများ ပြုလုပ်ထားရှိပါသည်။ နေတိုးအဖွဲ့အကြီးအကဲ စတိုတန် ဘတ်ဂ် အနေဖြင့် နှစ်ဖက်စစ်ရေးပဋိပက္ခများအား ဖြေရှင်းနိုင်ရေးအတွက် သံတမန် နည်းလမ်းအရ ဆွေးနွေးမှုများပြုလုပ်ရန် ထုတ်ဖော်ပြောကြားခဲ့သော်လည်း အဆိုပါအစီအစဉ်သည် လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုမရှိဟု ဂရိနိုင်ငံက တုံ့ပြန်ပြောကြား ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment