Wednesday, November 4, 2020

အမေရိကန်အနေဖြင့် ရိုမေးနီးယားသို့ F-16 ဂျက်တိုက်လေယာဉ်များ၏ ဆက်စပ်ပစ္စည်းများရောင်းချရန် အတည်ပြုခဲ့ခြင်း

 

Universul; Nov – 4(Wed)

              ရိုမေးနီးယားနိုင်ငံသို့ အမေရိကန်ဒေါ်လာ  ၁၇၅.  သန်းတန်ဖိုးရှိသော F-16 ဂျက်တိုက်လေယာဉ်များအတွက် အဆင့်မြှင့်တင်ရန်နှင့် လိုအပ်သောခေတ်မီဆက်စပ်ပစ္စည်း များ အစုံလိုက်ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ သည်ဟု အမေရိကန်ကာကွယ်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Defense Security Cooperation Agency -DSCA) က  နိုဝင်ဘာလ ၄ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ရိုမေးနီးယားအစိုးရအနေဖြင့် ၎င်း၏စစ်ဘက်တွင် အသုံးပြုလျက် ရှိသော F-16 မျိုးကွဲတိုက်လေယာဉ်များအား ခေတ်မီစေရန် လိုအပ်သောပျံသန်းရေး စနစ်များ၊ ဆော့ဖ်ဝဲများ၊ ထောက်ပံ့ရေးပစ္စည်းနှင့် လေယာဉ်မှူးခန်းများအဆင့်မြှင့်တင်ရေး ဆိုင်ရာ ဆက်စပ်ပစ္စည်းများအား အစုံလိုက်ရောင်းချပေးရန် တောင်းခံခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှရောင်းချရန် အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။

              ရိုမေးနီးယားနိုင်ငံအနေဖြင့် လက်တလောနှင့်အနာဂတ်ကာလတွင် လုံခြုံရေး ပိုင်းဆိုင်ရာစိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်ရန်၊ ကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်မှုများ ခေတ်မီစေရန်နှင့် ဒေသတွင်းအမေရိကန်၏အမျိုးသားလုံခြုံရေး ရည်ရွယ်ချက်များ မြှင့်တင်ရန်ရည်ရွယ်၍ အထက်ပါ F-16 ဂျက်တိုက်လေယာဉ်များ၏ ဆက်စပ်ပစ္စည်း များကို အစုံလိုက်ရောင်းချပေးရန် အဆိုပြုခဲ့ခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကုန်ပိုင်းတွင်လည်း ယူရို ၃၃၃.၂ သန်းတန်ဖိုးရှိသည့်  F-16 ဂျက်တိုက်လေယာဉ် ၅ စီး ရောင်းချပေးရန် အမေရိကန်နှင့် ရိုမေးနီးယားနိုင်ငံအကြား သဘောတူညီချက်များရရှိ ခဲ့ပါသည်။ လက်ရှိတွင် ရိုမေးနီးယားနိုင်ငံအနေဖြင့် လော့ခ်ဟီမာတင်ကုမ္ပဏီထုတ် F-16 ဂျက်တိုက်လေယာဉ် ၁၆ စီးပါဝင်သည့် လေယာဉ်အုပ်တစ်ခုအား ပိုင်ဆိုင်ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment