Monday, January 18, 2021

ဂျာမနီနှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီးတို့သည် ဥရောပသမဂ္ဂ-တူရကီဆက်ဆံရေး နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း

 

    Xinhua;Jan-19(Tue)

          တူရကီနိုင်ငံခြားရေးဝန်ကြီး မဲဗက်ကာဗူဆိုဂလူ(Mevlut Cavusoglu) နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်ကိုမက်စ်(Heiko Maas)တို့သည် အရှေ့မြေထဲ ပင်လယ်ဒေသတွင်း  တူရကီနိုင်ငံ၏ စွမ်းအင်တူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်းမာမှုများဖြေလျှော့လာသည့်အတွက်  ပိုမိုကောင်းမွန်လာသော ဥရောပသမဂ္ဂ- တူရကီ ဆက်ဆံရေးအပေါ် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း ဇန်နဝါရီလ ၁၉ ရက် တွင် Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီနှင့် ဥရောပသမဂ္ဂတို့သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်ကျင်းပခဲ့သည့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ၎င်းတို့၏ ဆက်ဆံရေးမှာ ကောင်းမွန်သောအခြေအနေ တစ်ရပ်သို့ ရောက်ရှိခဲ့သော်လည်း တူရကီနိုင်ငံအနေဖြင့် ယခုထက်ပိုမိုခိုင်မာသော ဆက်ဆံရေးရရှိရန် လိုလားလျက်ရှိကြောင်း မဲဗက်ကာဗူဆိုဂလူက ပြောကြားခဲ့ ပါသည်။ လာမည့်ရက်ပိုင်းများ၌လည်း ဆက်စပ်ဆွေးနွေးမှုများအား ပြုလုပ်သွားမည် ဖြစ်ကြောင်း တူရကီနိုင်ငံနှင့် ဥရောပသမဂ္ဂအကြီးအကဲများက မှတ်ချက်ပြုပြောကြား ခဲ့ပါသည်။

          တူရကီနိုင်ငံအနေဖြင့် ဥရောပနိုင်ငံများအတွင်း ခရီးသွားဗီဇာကင်းလွတ်ခွင့် ပေးရန်၊ တူရကီနှင့် ဥရောပသမဂ္ဂအကြား အကောက်ခွန်သမဂ္ဂဆိုင်ရာ သဘော တူညီမှုအား အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရွှေ့ပြောင်းဒုက္ခသည်အခြေချနေထိုင်ရေးဆိုင်ရာ သဘောတူညီမှုနှင့်ပတ်သက်၍ ပြန်လည် သုံးသပ်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။ ဥရောပသမဂ္ဂအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အရှေ့မြေထဲပင်လယ်ဒေသအတွင်း စွမ်းအင်တူးဖော်ရေး နှင့်ပတ်သက်၍ တူရကီနိုင်ငံအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ရန် ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ မတ်လအထိတိုင် အရေးယူပိတ်ဆို့မှု များအားရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ဂျာမနီနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ-တူရကီ ဆက်ဆံရေးအား ယခုထက်ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးတစ်ခုသို့ မြှင့်တင်ဆောင်ရွက် ရန် လိုလားလျက်ရှိကြောင်း ဟိုင်ကိုမက်စ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် မြေထဲ ပင်လယ်ဒေသတွင်း တင်းမာမှုများအားဖြေလျှော့ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် တူရကီနှင့် ဂရိနိုင်ငံအကြား ပြန်လည်ပြုလုပ်မည့် ဆွေးနွေးမှုများကိုလည်း လက်ခံ ကြိုဆိုလျက်ရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရှိရပါသည်။

No comments:

Post a Comment