Thursday, February 11, 2021

ရုရှားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ခြင်း

TASS; Feb-11 (Thu)

        ရုရှားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စုတွင် ပူးတွဲကင်းလှည့်မှုများမလုပ်ဆောင်မီ ဆာရာကွစ်(Saraqib)မြို့၌ ပူးတွဲစစ်ရေးလေ့ကျင့်မှု များလုပ်ဆောင်ခဲ့ကြောင်း တူရကီစစ်ဘက်၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ရုရှားနှင့် တူရကီတို့အနေဖြင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်အား ချိုးဖောက်လျက်ရှိသည့် အိုင်ဒဲလစ်စီရင်စုတွင် ပူးတွဲ ကင်းလှည့်မှုများ လုပ်ဆောင်ခဲ့ခြင်းမရှိသည်မှာ ၆ လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် အတွက် ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုသည် ပူးတွဲကင်းလှည့်မှုလုပ်ငန်းတာဝန်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ရန် အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအနေဖြင့် ယာဉ်တန်းများဖြင့်သွားလာစဉ် စစ်သွေးကြွများ၏ ချုံခိုတိုက်ခိုက်မှုခံခဲ့ရပါက ယာဉ်တန်းများအား ရွှေ့ပြောင်းမှုနှင့် ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းတို့ပါဝင်သည့် စစ်ရေးလေ့ကျင့်ခန်း များကိုလုပ်ဆောင်ခဲ့ကြပြီး ၎င်းတို့အကြား ဘာသာစကားကွာဟမှုကို ဖြေရှင်းရန် အတွက်လည်း အထူးအချက်ပြစနစ်တစ်ခုသတ်မှတ်ခဲ့ပါသည်။

            နှစ်နိုင်ငံပူးတွဲကင်းလှည့်မှုတွင် ရုရှားနိုင်ငံမှ BTR-82A ခြေလျင်သံချပ်ကာ လူသယ်ယာဉ်များ၊ Tigr သံချပ်ကာယာဉ်များနှင့် တူရကီနိုင်ငံမှ Kirpi သံချပ်ကာယာဉ် များဖြင့် ပါဝင်လေ့ကျင့်သွားမည်ဖြစ်ပါသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဆီးရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်းရှိအခြေအနေအားထိန်းချုပ်နိုင်ရေးအတွက် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းများနှင့်ပတ်သက်သည့်ပြဋ္ဌာန်းချက် ၁၀ ချက်ပါ သဘောတူစာချုပ် တစ်ရပ်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ရုရှားနိုင်ငံ၊ ဆိုချီမြို့၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်အရ ရုရှားနှင့်ဆီးရီးယားတို့ အနေဖြင့် ၎င်းတို့၏တပ်ဖွဲ့ဝင်များအား တူရကီလုံခြုံရေးဇုန်နှင့်ထိစပ်နေသောနေရာ များအတွင်း တပ်ဖြန့်ချထားမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment