Tuesday, March 9, 2021

အစ္စရေး၊ ဆိုက်ပရပ်စ်နှင့် ဂရိတို့သည် စွမ်းအင်ဆိုင်ရာသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်း


Middleeasteye; Mar-9(Tue)

      အစ္စရေးစွမ်းအင်ဝန်ကြီး ယူဗဲလ်စတိန်းနစ်ဇ် (Yuval Steinitz) သည် ဆိုက်ပရပ်စ် နိုင်ငံသို့သွားရောက်ခဲ့ပြီး ဥရောပ-အာရှဆက်သွယ်မှု (EuroAsia Interconnector) စီမံကိန်း အရ ဆိုက်ပရပ်စ်၊ ဂရိနိုင်ငံတို့နှင့်အတူ မြေထဲပင်လယ်အားဖြတ်သန်း၍ ပင်လယ်ရေအောက် လျှပ်စစ်ဓာတ်အားလိုင်း တစ်ခုတည်ဆောက်ရန် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်အား မတ်လ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ မြေထဲပင်လယ်အတွင်းရှိ EuroAsia Interconnector စီမံကိန်းသည် အစ္စရေး၊ ဆိုက်ပရပ်စ်နှင့် ဂရိနိုင်ငံတို့၏ လျှပ်စစ်စွမ်းအင် ဖြန့်ဖြူးသည့် ကွန်ရက်တစ်ခုဖြစ်ပါသည်။ ဆိုက်ပရပ်စ်စွမ်းအင်ဝန်ကြီး နာတာရှာပီလိုက် (Natasa Pilides) နှင့် စတိန်းနစ်ဇ်တို့သည် ဓာတ်ငွေ့တူးဖော်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် ပါဝင်လျက်ရှိသည့်ကုမ္ပဏီများအတွက် လမ်းညွှန်ချက်များနှင့်လုပ်ငန်းလည်ပတ် နိုင်ရေးအတွက် ဖြေရှင်းနိုင်မည့် အခြေခံမူဘောင်တစ်ရပ်အား မတ်လ ၉ ရက်တွင် သဘောတူညီခဲ့ပါသည်။

    အစ္စရေးနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့သည် ကမ်းလွန်သဘာဝအရင်းအမြစ်များ ခွဲဝေရေးနှင့်ပတ်သက်၍ ၉ နှစ်ကြာ သဘောထားကွဲလွဲနေမှုများကို ဖြေရှင်းရန်အတွက် အထက်ပါမူဘောင်အား သဘောတူညီမှုရယူခဲ့ခြင်းဖြစ်ပါသည်။ ဆိုက်ပရပ်စ်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် Aphrodite ဓာတ်ငွေ့လုပ်ကွက်အား ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းလုပ်ကွက် အချို့မှာ အစ္စရေး၏ရေကြောင်းဇုန်အတွင်း၌ ကျရောက်ပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် ဆိုက်ပရပ်စ်နိုင်ငံသည် အစ္စရေး၏ ရေကြောင်းဇုန်၌မပါဝင်သော ကျန်ရှိသည့်ဓာတ်ငွေ့ လုပ်ကွက်များအတွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များမှာလည်း ရှုပ်ထွေးလျက်ရှိ ပါသည်။ အဆိုပါစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၂,၀၀၀ မဂ္ဂါဝပ်အား ထုတ်လွှတ်ပေး နိုင်မည်ဖြစ်ပြီး ဆိုက်ပရပ်စ်၊ ဂရိနှင့် အစ္စရေးနိုင်ငံတို့အကြား ကီလိုမီတာ ၁,၅၀၀ ခန့် ရှည်လျားကာ ၂,၇၀၀ မီတာခန့်အား ရေအောက်မှ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

No comments:

Post a Comment