Reuters; Mar–2 (Tue)
တူရကီအစိုးရသည် ကာ့ဒ်လိုလားသည့် ပြည်သူ့ဒီမိုကရက်တစ်ပါတီ (People’s Democratic Party–HDP) အား အပြီးတိုင်ဖျက်သိမ်းရန်စီစဉ်လျက်ရှိကြောင်း အာဏာရ တရားမျှတရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Justice and Development Party-AKP) ၏ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ချာဟစ်အိုကန် (Cahit Ozkan) က ဖေဖော်ဝါရီလ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သူများသည် HDP ပါတီအား ဖျက်သိမ်းရန်အတွက် တောင်းဆိုလျက်ရှိကြောင်းလည်း အစိုးရထိပ်တန်းအရာရှိ အများစုက အတည်ပြုပြောကြားထားပါသည်။ HDP ပါတီသည် အစိုးရက တရားမဝင် ပါတီအဖြစ်ကြေညာထားသည့် ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers' Party-PKK) နှင့် တရားမဝင်ချိတ်ဆက်ဆောင်ရွက်မှုများပြုလုပ်ခဲ့သည်ဟု တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ အစိုးရနှင့် အမျိုးသားရေး မဟာမိတ်ပါတီဖြစ်သည့် အမျိုးသားလှုပ်ရှားမှုပါတီ (Nationalist Movement Party-MHP) က စွပ်စွဲပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီ၊ ဥရောပသမဂ္ဂ၊ အမေရိကန်တို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားသည့် PKK အဖွဲ့အားချိတ်ဆက်ဆောင်ရွက် မှုများပြုလုပ်ခဲ့ခြင်းအတွက် HDP ပါတီအားအပြီးတိုင်ဖျက်သိမ်းပေးရန် MDP ပါတီက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း HDP ပါတီက အဆိုပါစွပ်စွဲပြောကြားချက် များကို ငြင်းဆိုထားကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။
HDP ပါတီမှ လွှတ်တော်အမတ်များအနေဖြင့်လည်း လွှတ်တော်အတွင်းမှ နုတ်ထွက်ပေးရန် ဝေဖန်ပြောကြားမှုများနှင့် ရင်ဆိုင်ရလျက်ရှိပြီး တူရကီပြည်သူများ ကလည်း HDP ပါတီအပေါ် မျှော်လင့်ချက်ပျောက်ဆုံးလျက်ရှိကြောင်းနှင့် HDP ပါတီအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာမူဘောင်များနှင့်အညီ ပိတ်သိမ်းပေးရန် တောင်းဆို လျက်ရှိကြောင်း ချာဟစ်အိုကန်က ပြောကြားခဲ့ပါသည်။ တူရကီအစိုးရအနေဖြင့် ဒီမိုကရေစီစံနှုန်းများ ပြန်လည်ဆိုးရွားလာမှုအပေါ် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် အနောက်မဟာမိတ်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် မျှတသည့်အခွင့်အရေးများပိုမိုပြုလုပ်ပေးရန် စီစဉ်လျက်ရှိသည်ဟုလည်း တူရကီအစိုးရက ကြေညာခဲ့ပါသည်။ HDP ပါတီသည် အကျင့်ပျက်ခြစားမှုများနှင့် အကြမ်းဖက်မှုများကို ပြုလုပ်လျက်ရှိသည်ဟုလည်း MHP ပါတီခေါင်းဆောင်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment