Sunday, March 21, 2021

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးသဘောတူညီချက်မှ တူရကီနိုင်ငံ နုတ်ထွက်ခဲ့ခြင်း

Reuters; Mar-20 (Sat)

အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ဥရောပသဘောတူစာချုပ်မှနုတ်ထွက်ကြောင်း တူရကီနိုင်ငံက မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ “အစ္စတန်ဘူလ်သဘောတူညီချက်” (Istanbul Convention) ဟု လူသိများသည့် “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တားဆီးရေးနှင့်တိုက်ဖျက်ရေးဆိုင်ရာ ဥရောပကောင်စီသဘောတူညီချက်” (The Council of Europe Convention on Preventing and Combating Violence Against Women and Domestic Violence) အား တူရကီနိုင်ငံက ၂၀၁၁ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ သို့သော် လတ်တလောနှစ်များအတွင်း တူရကီနိုင်ငံ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တိုးပွားလာခဲ့ခြင်းကြောင့် ဝေဖန်ပြစ်တင်မှု များနှင့် ရင်ဆိုင်ခဲ့ရပါသည်။

အစ္စတန်ဘူလ်သဘောတူညီချက်မှ မည်သည့်အတွက်ကြောင့် နုတ်ထွက်ရ ကြောင်း တူရကီအစိုးရက ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။ သို့သော် အခြားသော သဘော တူညီချက်များ၊ စာချုပ်များထက် ပြည်တွင်းဥပဒေက အမျိုးသမီးများ၏အခွင့်အရေးကို ကာကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားကြပါသည်။ သဘောတူညီချက်မှနုတ်ထွက်မှုအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသည့်အနေဖြင့် အစ္စတန်ဘူလ်မြို့တွင် အမျိုးသမီးတစ်ရာကျော်သည် ခရမ်းရောင်အလံများကိုင်ဆောင်၍ လှည့်လည်ချီတက်ခဲ့ကြပါသည်။ အစ္စတန်ဘူလ်သဘောတူညီချက်မှနုတ်ထွက်ခဲ့သည့် တူရကီအစိုးရ၏ ဆုံးဖြတ်ချက်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဥရောပကောင်စီ (Council of Europe) အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံမှ ရှေးရိုးစွဲအများစုနှင့် အာဏာရ AKP ပါတီကမူ အစ္စတန်ဘူလ်သဘောတူညီချက်သည် မိသားစုပုံစံများကို ထိခိုက်လျော့ပါးစေပြီး အကြမ်းဖက်မှုဖြစ်စေရန် အားပေးအားမြှောက် ပြုကြောင်း ပြောကြားကြသည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

              တူရကီနိုင်ငံသည် အမျိုးသမီးများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုနှင့် အိမ်တွင်း အကြမ်းဖက်မှုအများဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ပါသည်။ အစ္စလာမ်ဘာသာရေး ထုံးတမ်းစဉ်လာများအရ အမျိုးသားများအနေဖြင့် အမျိုးသမီးများအပေါ် နှိမ့်ချဆက်ဆံ ခြင်းနှင့် အကြမ်းဖက်ခြင်းတို့ကို တရားဝင်ခွင့်ပြုထားသကဲ့သို့ဖြစ်နေရာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက အမြဲတစေ ပြစ်တင် ဝေဖန်လျက်ရှိပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကာကွယ် တားဆီးရေးနှင့်တိုက်ဖျက်ရေးဆိုင်ရာညီလာခံကို ၂၀၁၁ ခုနှစ်တွင် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး တူရကီသည် အစောဆုံး လက်မှတ်ရေးထိုးခဲ့သည့်နိုင်ငံဖြစ်ပါသည်။ တူရကီအစိုးရအနေဖြင့် သဘောတူညီချက်မှ နုတ်ထွက်ရန် မည်သည့်အတွက်ကြောင့် ဆုံးဖြတ်ခဲ့သည်ကို ယခုတိုင် ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း ဘာသာရေးအဖွဲ့အစည်းများနှင့် ရှေးရိုးစွဲများကမူ တူရကီ အစိုးရ၏ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပါသည်။ အစ္စတန်ဘူလ်သဘောတူညီချက်သည် အစဉ်အလာ မိသားစုစံနှုန်းတန်ဖိုးများကို ထိခိုက်လျော့ပါးစေကြောင်းနှင့် လိင်တူ စုံမက်သည့် LGBTQ အသိုင်းအဝိုင်းကို အားပေးအားမြှောက်ပြုနေကြောင်း ၎င်းတို့က ပြောကြားကြပါသည်။ တူရကီနိုင်ငံ၏ အဓိကအတိုက်အခံပါတီကမူ အာဒိုဂန်အစိုးရ၏ ဆုံးဖြတ်ချက်သည် အမျိုးသမီးများအား ဒုတိယတန်းစားနိုင်ငံသားများအဖြစ် ချောင်ထိုး နိုင်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်းနှင့် သဘောတူညီချက်သို့ ပြန်လည်ဝင်ရောက်ရန် ဝေဖန်ပြောကြားခဲ့ပါသည်။ အစ္စတန်ဘူလ်သဘောတူညီချက်မှ နုတ်ထွက်ခဲ့သည့် တူရကီအစိုးရ၏လုပ်ရပ်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအိပ်မက်ကို ပိုမိုဝေဝါး သွားစေမည်ဖြစ်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာနှင့်ပြည်တွင်းဖိအားများကို ပိုမိုရင်ဆိုင်လာရဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

 

No comments:

Post a Comment