Wednesday, April 21, 2021

တူရကီတွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားသည့် အာဖဂန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား ရွှေ့ဆိုင်းခဲ့ခြင်း

DW; Apr-21 (Wed)

            အာဖဂန်နစ္စတန်အစိုးရနှင့် တာလီဘန်တို့အကြား တူရကီနိုင်ငံ၌ ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ရွှေ့ဆိုင်းခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) က ဧပြီလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) အနေဖြင့် စက်တင်ဘာလလယ်တွင် အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့များအား အပြီးသတ်ရုပ်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် အမေရိကန်၊ တူရကီ၊ ကာတာနှင့် ကုလသမဂ္ဂတို့မှကိုယ်စားလှယ်များဖြင့် တူရကီနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲများသည် အာဖဂန်အစိုးရနှင့် တာလီဘန် စစ်သွေးကြွတို့အကြား သဘောတူညီမှုတစ်ရပ်ရရှိရေးအတွက် လမ်းကြောင်းဖြစ်လာ နိုင်သည်ဟု ယူဆရပါသည်။ ဆွေးနွေးပွဲများအား မေလအလယ်ပိုင်းတွင်ပြီးဆုံးမည့် ရာမန်ဒန် ဥပုသ်ကာလပြီးဆုံးသည့်အချိန်အထိတိုင် ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။
         အာဖဂန်အစိုးရနှင့် တာလီဘန်တို့အကြား ဆွေးနွေးပွဲများတွင် တာလီဘန်တို့ မပါဝင်ခြင်းကြောင့် နှောင့်နှေးရလျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ထုတ်ပြန်ခဲ့ ပါသည်။ အမေရိကန်နှင့် အာဖဂန်တို့မှသံတမန်များအနေဖြင့် ဧပြီလ ၂၀ ရက်တွင် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး တာလီဘန်တို့နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများအား အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ကန်နတ်မက်ကန်ဇီ (Kenneth McKenzie) က ပြောကြားခဲ့ပါသည်။ တာလီဘန်အဖွဲ့အပေါ် ယုံကြည်စိတ်ချရမှုနှင့်ပတ်သက်၍ စိုးရိမ် ဖွယ်ရာသံသယများရှိသော်လည်း တာလီဘန်တို့၏ လုပ်ဆောင်မှုများအား စောင့်ကြည့် သွားရန်လိုအပ်ကြောင်းနှင့် အနာဂတ်တွင် အာဖဂန်အရေးကိစ္စအား နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန်အတွက် သဘောတူညီမှုများအား လိုက်နာစောင့်ထိန်းသွားသင့် ကြောင်း ၎င်းက ပြောကြားသည်။ အမေရိကန်စစ်ဌာနချုပ်အနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံအတွင်းမှ အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက် တာလီဘန်တို့၏ ခြိမ်းခြောက် မှုများ ဖြစ်လာနိုင်ဖွယ်ရှိသည့်အတွက် လိုအပ်မည်ဆိုပါက အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုတွင် ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုထားရှိ၍ စောင့်ကြည့်မှုများ ပြုလုပ်သင့်သည်ဟု မက်ကန်ဇီက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment