Voa; May-17(Mon)
အမေရိကန်နိုင်ငံအနေဖြင့် တူရကီနှင့် ဆီးရီးယားနိုင်ငံတို့မှတစ်ဆင့် အစ္စလာမ္မစ် အစွန်းရောက်များအပေါ် နိုင်ငံတကာအဖွဲ့အစည်းများမှ ငွေကြေးဆိုင်ရာထောက်ပံ့မှု များနှင့် လှူဒါန်းမှုပြုလုပ်နေခြင်းများကို ပိုမိုခက်ခဲလာစေရန်အတွက် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အကြမ်းဖက်အုပ်စုများနှင့် တရားမဝင်ငွေကြေးဆိုင်ရာ ဆက်နွှယ်မှုရှိသည့် လူပုဂ္ဂိုလ် ၃ ဦးနှင့် ကုမ္ပဏီ ၁ ခုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း မေလ ၁၇ ရက်တွင် ကြေညာခဲ့ပါသည်။ အရေးယူပိတ်ဆို့ခြင်း ခံရသူတစ်ဦးဖြစ်သည့် အယ်လာကန်ဖူရက် (Alaa Khanfurah) သည် တူရကီ အခြေစိုက် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီမှ ဒေါ်လာထောင်ပေါင်းများစွာအား ဆီးရီးယား နိုင်ငံတစ်ဝန်းရှိ IS အဖွဲ့များသို့ လွှဲပြောင်းခဲ့သည်ဟု စွပ်စွဲခြင်းခံခဲ့ရပါသည်။ ၎င်းသည် ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်များ၌လည်း IS အဖွဲ့များထံ ငွေကြေးစီးဆင်းမှုများပြုလုပ်ခဲ့ ကြောင်းလည်း အမေရိကန်ဘဏ္ဍာရေးအရာရှိများက ပြောကြားခဲ့ပါသည်။
ထို့ပြင် တူရကီအခြေစိုက် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် Al-Fay ကုမ္ပဏီနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် အိုင်ဒရစ်အယ်လ်ဖေး (Idris al-Fay) နှင့် အိုင်ဘရာဟမ်း (Ibrahim al-Fay) တို့ကိုလည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ ပါသည်။ အိုင်ဒရစ်အယ်လ်ဖေး သည် IS အဖွဲ့များနှင့် ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ဒုက္ခသည်စခန်းများမှ ထွက်ပြေးလာသူများအား Al-Fay ကုမ္ပဏီမှငွေကြေးများကိုအသုံးပြု၍ ဘဏ္ဍာရေးဆိုင်ရာ လျှို့ဝှက်ထောက်ပံ့ မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် IS ၏ ငွေကြေးစီးဆင်းမှုကိုကန့်သတ်ခြင်းနှင့် ၎င်းတို့၏ လှုပ်ရှားမှုများအား ထိရောက်စွာနှိမ်နင်းဖြိုခွင်းခြင်းများ ဆောင်ရွက်နေ သော်လည်း အကြမ်းဖက်အဖွဲ့သည် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လုယက်ခြင်းနှင့် ပြန်ပေးဆွဲခြင်းတို့ဖြင့် ဝင်ငွေများရရှိနိုင်ရန် စီမံနေဆဲဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သတိပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment