Saturday, May 8, 2021

F-35 တိုက်လေယာဉ်ဝယ်ယူရေးပဋိပက္ခအား ဖြေရှင်းနိုင်ရေး အမေရိကန်နှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း တူရကီက ပြောကြားခဲ့ခြင်း

Ahvalnews;May-7(Fri)


            တူရကီနိုင်ငံသည် အမေရိကန်ထုတ် F-35 တိုက်လေယာဉ်များဝယ်ယူခွင့်ရရှိရေး နှင့်ပတ်သက်၍ အငြင်းပွားနေမှုများကို ဖြေရှင်းနိုင်ရန် အမေရိကန်နိုင်ငံနှင့် ဆွေးနွေးမှုများ စတင်သွားမည်ဖြစ်ကြောင်း တူရကီကာကွယ်ရေးစက်ရုံများအကြီးအကဲ အစ္စမေးလ်ဒီမာ (Ismail Demir)က ပြောကြားခဲ့ပါသည်။ အမေရိကန်အစိုးရသည် F-35 တိုက်လေယာဉ်များ ဝယ်ယူခွင့်ရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲများကျင်းပသွားရန် တူရကီအစိုးရ၏ ကြိုးပမ်းနေမှုများကို တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိကြောင်း အစ္စမေးလ်ဒီမာက ထပ်လောင်း ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်များဝယ်ယူခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံက ၎င်း၏ F-35 တိုက်လေယာဉ်များရောင်းချမည့် နိုင်ငံများစာရင်းမှ တူရကီနိုင်ငံအား စတင်ဖယ်ရှားခဲ့ပါသည်။ 
                 ထို့ပြင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ အစ္စမေးလ်ဒီမာအပါအဝင် တူရကီကာကွယ်ရေးစက်ရုံများ အပေါ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပါသည်။ ရုရှားထုတ် စစ်လက်နက်ပစ္စည်းစနစ်များသည် NATO အဖွဲ့ဝင်နိုင်ငံများ၌ အသုံးပြုလျက်ရှိသော စစ်လက်နက်ပစ္စည်းစနစ်များနှင့် သဟဇာတမဖြစ်ဘဲ လုံခြုံရေးအရစိုးရိမ်ဖွယ်ရှိသည်ဟု အမေရိကန်နိုင်ငံက ယူဆလျက်ရှိပါသည်။ အမေရိကန်နိုင်ငံ၏ ပဉ္စမမြောက်မျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်များ ရောင်းချမည့်အစီအစဉ်မှ တူရကီနိုင်ငံအား ဖယ်ရှား ခဲ့ခြင်းသည် တရားဝင်အခြေခံကျင့်ဝတ်များနှင့်ကိုက်ညီခြင်းမရှိကြောင်း အစ္စမေးလ်ဒီမာက ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့်တူရကီနိုင်ငံတို့အနေဖြင့် ၎င်းတို့အကြားဆွေးနွေးမှု များပြုလုပ်ခြင်းမရှိလျှင် မည်သည့်ပဋိပက္ခကိုမျှ ဖြေရှင်းနိုင်မည်မဟုတ်သောကြောင့် ဆွေးနွေးပွဲများစတင်ပြုလုပ်သွားရမည်ဖြစ်ကြောင်း အစ္စမေးလ်ဒီမာက ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

No comments:

Post a Comment