Wednesday, June 2, 2021

ဆိုက်ပရပ်စ်အသိုက်အဝန်းသည် နယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်သွားရန် သဘောတူညီခဲ့ခြင်း

Xinhua; June- 2(Wed)

    ဆိုက်ပရပ်စ်သမ္မတနိုင်ငံရှိ ဂရိဆိုက်ပရပ်စ်နှင့် တူရကီဆိုက်ပရပ်စ်အသိုက်အဝန်းတို့ အကြား ကြားခံနယ်မြေ၌ COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှု များနှင့် ကုန်စည်သယ်ယူပို့ဆောင်ခြင်းကို ကန့်သတ်ထားသည့် စစ်ဆေးရေးဂိတ်များအား ပြန်လည်ဖွင့်လှစ်သွားရန် နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် သဘောတူညီခဲ့ကြကြောင်း ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့က ဇွန်လ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါနယ်စပ်ဂိတ်များအား ပြန်လည်ဖွင့်လှစ်ခြင်းသည် တူရကီဆိုက်ပရပ်စ်နှင့် ဂရိ ဆိုက်ပရပ်စ်တို့အကြား လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်ခြင်း၊ အပြန်အလှန်ဆက်သွယ်မှုများ တိုးမြှင့်စေခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် များစွာအကျိုးသက်ရောက်မှုများရှိလာစေနိုင်ကြောင်း ဆိုက်ပရပ်စ်သမ္မတနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့ (United Nations Peacekeeping Force in Cyprus-UNFICYP) က ထုတ်ပြန်ပြောကြားခဲ့ပါသည်။

    COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်၍ ပိတ်ထားခဲ့သည့် နယ်စပ်ဂိတ်များအားလုံးကို လာမည့်ဇွန်လ ၄ ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး PCR စမ်းသပ်မှု၊ သို့မဟုတ် ၇ ရက်ကြာ စောင့်ကြည့်၍ ရောဂါ ဖြစ်ပွားခြင်းမရှိသည့် အဖြေများရရှိမှသာ ဖြတ်သန်းသွားလာရမည်ဖြစ်ပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားမှုကိုရှောင်ရှားနိုင်ရန် ရောဂါ စမ်းသပ်မှုများအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခြင်းဖြင့် ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း UNFICYP ပြောရေးဆိုခွင့်ရှိသူ အယ်လမ်ဆစ်ဒီကျူ (Aleem Siddique) က ပြောကြားခဲ့ပါသည်။ အဆိုပါနယ်စပ်စစ်ဆေးရေးဂိတ်များ၏ ရောဂါကူးစက်မှုအခြေအနေများကို နှစ်ပတ်လျှင်တစ်ကြိမ် ပြန်လည်သုံးသပ်၍သင့်လျော် သည့် ကာကွယ်မှုအဆင့်များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။ ဆိုက်ပရပ်စ်ကျွန်းသည် ဂရိဆိုက်ပရပ်စ်တို့၏ ကျူးကျော်သိမ်းပိုက်မှုအပြီး တူရကီတပ်ဖွဲ့ဝင်များ၏ စစ်ရေးအရကျူးကျော်ဝင်ရောက်ခဲ့သည့် ၁၉၇၄ ခုနှစ်မှစ၍ ကွဲသွားခဲ့ရခြင်းဖြစ်ပြီး နှစ်ဖက်အကြားရှိ ကြားခံနယ်မြေများ၌ အဆိုပါစစ်ဆေးရေးဂိတ် များကိုတည်ဆောက်ကာ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့များမှ ကင်းလှည့်မှု များပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment