Wednesday, June 23, 2021

ပါကစ္စတန်ကြည်းတပ်ဦးစီးချုပ် နှင့် တူရကီကာကွယ်ရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးခဲ့ခြင်း

        ပါကစ္စတန် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကွာမာဂျာဗက်ဘဂ်ဂျာဝါ (Qamar Javed Bajwa) သည် ဇွန်လ ၂၃ ရက်တွင် တူရကီနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားခဲ့ပြီး တူရကီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်က ထုတ်ပြန်ခဲ့ပါသည်။ တွေ့ဆုံမှုတွင် အာဖဂန်ဒေသတွင်း နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများ၊ ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံအကြားလုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တူရကီစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရာဆာဂူလာ (Yasar Guler) နှင့် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူမက်ဒန်ဒါ (Umit Dundar) တို့လည်း တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးမှုအတွင်း တူရကီနိုင်ငံသည် ဒေသတွင်း၌ အဓိကအရေးပါသည့် မွတ်စလင် နိုင်ငံများ၌ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၌ တူရကီနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် လိုလားလျက်ရှိသည် ဟုလည်း ဗိုလ်ချုပ်ကြီး ကွာမာဂျာဗက်ဘဂ်ဂျာဝါက ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

No comments:

Post a Comment