Xinhua; Jun-28 (Mon)
ဆားဘီးယားစစ်ဘက်အနေဖြင့် “Lightning Strike 2021” အမည်ရှိ ပူးတွဲ နည်းဗျူဟာမြောက်စစ်ရေးလေ့ကျင့်ခန်း၏ အပြီးသတ်စစ်ရေးလေ့ကျင့်မှုအား နိုင်ငံ အနောက်တောင်ဘက်ပိုင်းရှိ ပီစတာ (Pester) စစ်ရေးလေ့ကျင့်ရေးကွင်း၌ ဇွန်လ ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဆားဘီးယားအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်ခဲ့သည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ကြောင်း လည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းစစ်ရေးလေ့ကျင့်မှု၏ နောက်ဆုံး အဆင့် လေ့ကျင့်မှုတွင် စစ်ဘက်အရာရှိ ၂,၃၀၀ ဦး ပါဝင်လေ့ကျင့်ခဲ့ကြပြီး ဆားဘီးယား သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) အပါအဝင် သံတမန်ရေးဆိုင်ရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း ကြည်းတပ်၊ လေတပ်နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ၊ အမှတ်(၇၂) အထူးစစ်ဆင်ရေး တပ်မဟာနှင့် အမှတ် (၆၃) လေထီးတပ်မဟာတို့လည်း ပါဝင်လေ့ကျင့်ခဲ့ကြပါသည်။
ထို့ပြင် တင့်ကားများ၊ တိုက်ခိုက်ရေးယာဉ်များ၊ အမြောက်လက်နက်စနစ်များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေး စနစ်နှင့် လက်နက်များပါဝင်ကာ ခြေလျင်တပ်များနှင့် အထူးတပ်ဖွဲ့များလည်း ပါဝင် လေ့ကျင့်ခဲ့ကြကြောင်း ဆားဘီးယားစစ်ဘက်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဆားဘီးယား နိုင်ငံသည် စစ်ပွဲများနှင့်ပဋိပက္ခများအတွက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းမဟုတ်ဘဲ နိုင်ငံ၏ကာကွယ်ရေးစွမ်းအားကို မြှင့်တင်နိုင်ရန်အတွက်သာ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းစစ်ရေးလေ့ကျင့်မှုအပြီးတွင် သမ္မတ ဘူစစ်က ပြောကြားခဲ့ပါသည်။ အဆိုပါ “Lightning Strike 2021” အမည်ရှိ ပူးတွဲနည်းဗျူဟာမြောက်စစ်ရေးလေ့ကျင့်ခန်းအား ဇွန်လ ၁၅ ရက်တွင် ဆားဘီးယားနိုင်ငံရှိ နေရာ ၈ နေရာ၌ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅,၀၀၀ ဦး ပါဝင်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment