Monday, June 14, 2021

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့ဝင်များရုပ်သိမ်းပြီးနောက် တူရကီသည် အမေရိကန်အတွက် အရေးပါသောနိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ခြင်း

               Thenews; Jun-14 (Mon)

              အမေရိကန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံမှ ၎င်း၏တပ်ဖွဲ့ဝင်များအား ရုပ်သိမ်းပြီးနောက် တူရကီနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ၏ တည်ငြိမ်မှုရရှိစေရန် လုပ်ဆောင်နိုင်သည့် တစ်နိုင်ငံတည်းသောနိုင်ငံဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေ ရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့ပါသည်။ သမ္မတ အာဒိုဂန်အနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussel) မြို့၌ ဇွန်လ ၁၄ ရက် တွင်ကျင်းပပြုလုပ်မည့် (၃၁) ကြိမ်မြောက် နေတိုးအဖွဲ့ အစည်းအဝေး၏ ဆက်စပ် အစည်းအဝေး၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံ၍ အာဖဂန်နစ္စတန်နိုင်ငံ၏ အရေးကိစ္စများအပေါ် ဆွေးနွေးမှုများပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။

              အမေရိကန်တပ်ဖွဲ့ဝင်များဆုတ်ခွာပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံရှိ ဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာကဏ္ဍများအပါအဝင် အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့်ပတ်သက်၍ လုပ်ဆောင်သွားမည့် တူရကီတပ်ဖွဲ့များ၏အစီအစဉ်များကို အမေရိကန် အရာရှိများအား အသိပေးပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် အနောက်နိုင်ငံများ၏ သံတမန်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ များအတွက် အဓိကသွားလာရေးလမ်းကြောင်းဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံရှိ ကဘူးလ် (Kabul) လေဆိပ်ကိုကာကွယ်ရန် ၎င်း၏တပ်ဖွဲ့ဝင်များအား ထားရှိသွားရန် ပြင်ဆင် လျက်ရှိပါသည်။ အနောက်နိုင်ငံများသည် ယခုပြုလုပ်မည့် နေတိုးထိပ်သီးအစည်းအဝေး၌ တူရကီ၏ အထက်ပါလုပ်ဆောင်သွားမည့်အစီအစဉ်အပေါ် သဘောတူညီသွားနိုင်ဖွယ် ရှိကြောင်း တူရကီအရာရှိများက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

              အမေရိကန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံသို့ကျူးကျော်ဝင်ရောက်၍ တာလီဘန် အကြမ်းဖက်အဖွဲ့ကိုနှိမ်နင်းပြီးနောက် NATO တပ်ဖွဲ့ဝင်များအပါအဝင် ၎င်း၏တပ်ဖွဲ့ဝင် များအား နောက်ဆုံးအဆင့်အပြီးသတ် ရုပ်သိမ်းမှုကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နောက်ဆုံးထား၍ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ အမေရိကန်စစ်ဘက်အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံရှိ ၎င်း၏တပ်ဖွဲ့ဝင်များအား ဆုတ်ခွာမှုသည် ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဖြစ်ကြောင်း သိရှိရပါသည်။ အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ များ၏ အပြီးသတ်ဆုတ်ခွာမှုသည် အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ရပ်တန့်သွားစေနိုင်ပါသည်။ လက်ရှိအချိန်တွင် အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်များ ဆုတ်ခွာသည့်အချိန်တွင် တူရကီနိုင်ငံသည် အမေရိကန်၏နေရာအား အစားထိုးဝင်ရောက်၍ အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အကောင်အထည်ဖော်လုပ်ဆောင်ရန် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံအများစုသည် အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တူရကီပါဝင်မှုနှင့်ပတ်သက်၍ သဘောတူလက်ခံခဲ့ကြ ပါသည်။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံထုတ် S-400 စနစ်များဝယ်ယူခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အမေရိကန်ဦးဆောင်သည့် NATO အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေး တင်းမာမှုများဖြစ်ပွားလျက်ရှိစဉ် အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တူရကီပါဝင်မှု သည် တင်းမာနေသောဆက်ဆံရေးအား ပြေလည်လာစေရန် တူရကီနိုင်ငံ၏ ကနဦး လုပ်ဆောင်မှုတစ်ခုဖြစ်နိုင်ပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussel) မြို့၌ ဇွန်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်မည့် (၃၁) ကြိမ်မြောက် နေတိုးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတစ်ခုတွင် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) တို့ ဆွေးနွေးမှုပြုလုပ် ရန် စီစဉ်ထားပါသည်။ ၎င်းအစည်းအဝေးတွင် နှစ်နိုင်ငံသမ္မတများသည် ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် အခြားသောဒေသတွင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တူရကီ ပါဝင်လာမှုသည် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အာဖဂန်နစ္စတန်နိုင်ငံအပေါ် စိုးရိမ်ပူပန်မှုများ လျော့ကျလာနိုင်ပြီး တူရကီနိုင်ငံ၏ဆောင်ရွက်ချက်များကြောင့် ဖြစ်ပေါ်လာမည့် အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆက်လက်စောင့်ကြည့်သွား ရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment