Tuesday, June 15, 2021

တောင်ကိုရီးသမ္မတနှင့်ဩစတြီးယားသမ္မတတို့သည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း

 Yonhap;Jun-14(Mon)

              တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် (Moon Jae-in) နှင့် ဩစတြီးယား သမ္မတ အလက်ဇန်းဒါးဗန်ဒါဘဲလန် (Alexander Van der Bellen) တို့သည် ဇွန်လ ၁၄ ရက် တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) မြို့ရှိ သမ္မတရုံး၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကမ္ဘာလုံး ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်းများတွင် အရေးပါသည့်နိုင်ငံတစ်ခုဖြစ်လာ စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကပ်ရောဂါ ဖြစ်ပွားမှုအကျပ်အတည်းအား ကျော်လွှားနိုင်စေရန်အတွက် ကာကွယ်ဆေးများ သာတူ ညီမျှရရှိစေရေးကိစ္စရပ်များအား မွန်ဂျေးအင်က ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် လက်ရှိကြုံတွေ့လျက်ရှိသည့် ကပ်ရောဂါဖြစ်ပွားမှုအား အဆုံးသတ်နိုင်စေရန်အတွက် နိုင်ငံအားလုံးမှအတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ဆေးရရှိနိုင်မှုကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ ရာသီဉတုပြောင်းလဲမှုကိစ္စရပ်များနှင့် အခြားသောကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

              နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် ဆွေးနွေးမှုအတွင်း ဩစတြီးယားနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာကဏ္ဍရပ်များ၊ တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးကဏ္ဍရပ်များနှင့် ကာဗွန် ထုတ်လုပ်မှု သုညအဆင့်အထိရောက်ရှိစေရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအား ဆက်လက်ပြုလုပ်ရန်သဘောတူညီမှုရရှိခဲ့ပါသည်။ နှစ်နိုင်ငံကုန်သွယ်မှု အနေဖြင့် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ . ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် တွင် ကိုဗစ်ကပ်ရောဂါနှင့် ရင်ဆိုင်ခဲ့ရသော်လည်း  အမေရိကန်ဒေါ်လာ . ဘီလီယံ အထိတိုးမြင့်လာခဲ့ကြောင်း မွန်ဂျေးအင်က ထောက်ပြပြောဆိုမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ဆွေးနွေးမှုအတွင်း မြောက်ကိုရီးယားအစိုးရက သဘောတူညီလျှင် တောင်ကိုရီးယား အနေဖြင့် COVID-19 ကာကွယ်ဆေးများအား မြောက်ကိုရီးယားနိုင်ငံသို့ ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးမည့်ကိစ္စရပ်များနှင့်ပတ်သက်၍လည်း မွန်ဂျေးအင်က  ထည့်သွင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              တောင်ကိုရီးယားနှင့် ဩစတြီးယားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးအား ၁၈၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက် သမ္မတ မွန်ဂျေးအင်သည် ဩစတြီးယား နိုင်ငံသို့ ပထမဆုံး တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်သည့် တောင်ကိုရီးယား သမ္မတတစ်ဦးဖြစ်ပါသည်။ သမ္မတ မွန်ဂျေးအင်လက်ထက်တွင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံငြိမ်းချမ်းရေးရရှိရေး၊ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနှင့် အခြား သော ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား အလေးအနက်ထားလုပ်ဆောင် မှုများကြောင့် နိုင်ငံအတွင်း လူထုထောက်ခံမှု ပိုမိုမြင့်တက်လာခဲ့ပါသည်။ လက်ရှိတွင် လည်း သမ္မတ မွန်ဂျေးအင်သည် ဂျီ-၇ အစည်းအဝေးအား တက်ရောက်ပြီးနောက် ဩစတြီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် ဩစတြီးယားနိုင်ငံသို့ ဇွန်လ ၁၃ ရက်မှစ၍ ၂ ရက်တာ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိ လျက်ရှိပါသည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်တွင် ဩစတြီးယားသမ္မတ အလက် ဇန်းဒါးဗန်ဒါဘဲလန်နှင့်တွေ့ဆုံစဉ်  ယဉ်ကျေးမှုဆိုင်ရာကဏ္ဍရပ်များ၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍရပ်များ၊ စီးပွားရေးကဏ္ဍရပ်များနှင့် ကာဗွန်ထုတ်လုပ်မှု သုညအဆင့်အထိ ရောက်ရှိစေရန်အတွက် အတူတကွပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဩစတြီးယားနိုင်ငံမှ ထောက်ခံမှုများ ဆက်လက်ပြုလုပ်ပေးရန် တိုက်တွန်းပြောကြားမှုများပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း COVID-19 ကပ်ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၁၁ ရာခိုင်နှုန်းခန့် တိုးမြှင့် လျက်ရှိခြင်းသည်  စီးပွားရေးကဏ္ဍတွင် အဓိကအရေးပါသည့် မိတ်ဖက်နိုင်ငံများဖြစ် သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် တောင်ကိုရီးယားနှင့် ဩစတြီးယားနိုင်ငံ ဆက်ဆံရေးသည် ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ဖွယ်ရှိပြီး အခြားသောကမ္ဘာ့ရေးရာ ကိစ္စများ၌ ဩစတြီးယားနိုင်ငံနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင် သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment