Tuesday, June 8, 2021

တရုတ်နှင့် ဆိုက်ပရပ်စ်နိုင်ငံတို့သည် BRI စီမံကိန်းအား ပူးပေါင်းဆောင်ရွက်သွားရန်ရှိခြင်း


Xinhua; Jun-9 (Wed)

    ဆိုက်ပရပ်စ်အောက်လွှတ်တော်ဥက္ကဋ္ဌ အဒါမို့စ်အဒါမိုဝ် (Adamos Adamou) သည် တရုတ်နိုင်ငံမှ အဆိုပြုထားသည့် ရပ်ဝန်းနှင့်လမ်းကြောင်းအစီအစဉ် (Belt and Road Initiative-BRI) စီမံကိန်းအား ကြိုဆိုလက်ခံကြောင်းနှင့် နှစ်နိုင်ငံအကြား ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ BRI စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာစီမံကိန်းတစ်ခုဖြစ်သည့်အပြင် တရုတ် နိုင်ငံသည်လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် အဓိကကျသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း တရုတ်-ဆိုက်ပရပ်စ်သံတမန်ဆက်ဆံရေး နှစ်(၅၀)ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် အွန်လိုင်းဆွေးနွေးမှုအတွင်း အဒါမိုဝ်က ပြောကြားခဲ့ပါသည်။ BRI စီမံကိန်းသည် နိုင်ငံတကာဆက်သွယ်မှု၊ ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို တိုးမြှင့်စေရန်ရည်ရွယ်ခြင်းဖြစ်သည့် အတွက် လက်ခံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

    တရုတ်နှင့် ဆိုက်ပရပ်စ်နိုင်ငံတို့အကြား နိုင်ငံရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများသာမက မတူညီသည့် သမိုင်းကြောင်းအစဉ်အလာများအား မျှဝေခြင်းနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် အာရှဒေသရှိနိုင်ငံများအား ဥရောပနှင့် အာဖရိကဒေသရှိနိုင်ငံများနှင့် ဆက်သွယ်ပေးနိုင်ရေးရည်ရွယ်ချက်ဖြင့် သမိုင်းဝင်ပိုးလမ်းမ၏ ကုန်သွယ်ရေးလမ်းကြောင်းများတစ်လျှောက် ကုန်သွယ်ရေးအခြေခံအဆောက်အအုံနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၌ ရပ်ဝန်းနှင့် လမ်းကြောင်းအစီအစဉ် (BRI) အား စတင်ခဲ့ခြင်းဖြစ်ပါသည်။ ဆိုက်ပရပ်စ်နိုင်ငံသည် ဥရောပနှင့်အာရှအကြား ပြီးပြည့်စုံသည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟုယုံကြည်ပြီး စျေးကွက်စည်းမျဉ်းများနှင့် နိုင်ငံတကာစံနှုန်းများအပေါ်အခြေခံ၍ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင်လည်း တရုတ်နိုင်ငံနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဒါမိုဝ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment