Saturday, July 10, 2021

တူရကီနိုင်ငံသည် မောင်းသူမဲ့တိုက်ခိုက်ရေးဒရုန်းထုတ်လုပ်မှုကဏ္ဍတွင် ဉီးဆောင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ခြင်း

Newnow; Jul-10 (Sat)

    တူရကီနိုင်ငံသည် ၁၅ နှစ်တာကာလအတွင်းမှာပင် မောင်းသူမဲ့တိုက်ခိုက်ရေး ဒရုန်းထုတ်လုပ်မှုကဏ္ဍ၌ ကမ္ဘာ့ဉီးဆောင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း ပြင်သစ် သတင်းဌာနတစ်ခုက ဇူလိုင်လ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းဌာနသည် တူရကီနိုင်ငံခြားရေးမူဝါဒ၏ နည်းပညာဆိုင်ရာကဏ္ဍရှိ မောင်းသူမဲ့တိုက်ခိုက်ရေးဒရုန်း ထုတ်လုပ်မှုကို အကဲဖြတ်ကာ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၁၅ နှစ်တာကာလ အတွင်းမှာပင် တူရကီနိုင်ငံသည် တရုတ်၊ အစ္စရေး၊ အမေရိကန်နိုင်ငံတို့မှထုတ်လုပ်သည့် နည်းပညာများကဲ့သို့ ပြီးပြည့်စုံမှုရှိစေရန် မျှော်မှန်းချက်နှင့်အတူ ကမ္ဘာ့တစ်ဝန်း မောင်းသူမဲ့ တိုက်ခိုက်ရေးဒရုန်းများ ထုတ်လုပ်သည့်နိုင်ငံများတွင် ပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။ ၎င်းအပြင် တူရကီနိုင်ငံမှ ထုတ်လုပ်သည့် Kargu၊ Bayraktar၊ Anka၊ Karayel နှင့် Alpagu မောင်းသူမဲ့ဒရုန်းများသည် ထိရောက်မှုရှိရုံ သာမက လက်ခံနိုင်ဖွယ်ရှိသည့်အနေအထားလည်းဖြစ်ကြောင်း အဆိုပါသတင်းဌာနက အလေးပေးပြောကြားခဲ့ပါသည်။

    တူရကီကာကွယ်ရေးဌာနမှထုတ်လုပ်သည့် Kargu-2 အသေခံတိုက်ခိုက်ရေး ဒရုန်းများသည် ကုလသမဂ္ဂအသိအမှတ်ပြု အမျိုးသားသဘောတူညီချက်အစိုးရအဖွဲ့ (Government of National Accord –GNA) နှင့် ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ (Khalifa Haftar) ဦးဆောင်သည့် လစ်ဗျားအရှေ့ပိုင်းဒေသအခြေစိုက် လစ်ဗျားအမျိုးသား တပ်မတော် (Libya National Army- LNA) တို့အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ တူရကီနိုင်ငံသည် ၎င်းတို့ နိုင်ငံမှထုတ်လုပ်သည့် မောင်းသူမဲ့တိုက်ခိုက်ရေးဒရုန်းများကို ၂၀၁၆ ခုနှစ်မှစတင်ကာ နိုင်ငံဖြတ်ကျော် တိုက်ခိုက်မှုပြုလုပ်ရာတွင် အသုံးပြုလာခဲ့ခြင်းလည်းဖြစ်ပါသည်။ အဇာဘိုင်ဂျန်၊ ကာတာ၊ ယူကရိန်း၊ တူနီးရှားနှင့် ပိုလန်နိုင်ငံတို့က တူရကီနိုင်ငံထုတ် တိုက်ခိုက်ရေးဒရုန်းများကိုဝယ်ယူခဲ့ကြပြီး လက်ဗီယား၊ ဟန်ဂေရီ၊ အယ်လ်ဘေးနီးယား နိုင်ငံများသာမက အခြားနိုင်ငံများကလည်း တူရကီနိုင်ငံထုတ် ဒရုန်းများကိုဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

    တူရကီ၏လုံခြုံရေးမူဝါဒသည် ၁၉၉၀ ပြည့်နှစ်မှစတင်ကာ ဒေသတွင်းအင်အားကြီး အနေအထားတစ်ခုရရှိရန်နှင့် အရှေ့အလယ်ပိုင်းမှ ပေါ်ပေါက်လာသောလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုမျိုးစုံကို ရင်ဆိုင်နိုင်ရန်ဖြစ်လာပါသည်။ တူရကီတပ်မတော်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများတွင်ပါဝင်ခဲ့ပြီး ဆီးရီးယားပြည်တွင်းစစ်နှင့် အီရတ် စစ်ပွဲတို့တွင် စစ်ဆင်ရေးများဆောင်ရွက်ခဲ့ပါသည်။ တူရကီသည် လက်နက်များကို တိုးချဲ့ကာ စစ်ပစ္စည်းများကိုခေတ်မီစေရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်လာခဲ့သဖြင့် လက်ရှိတွင် ကမ္ဘာ့စစ်ရေးစွမ်းရည် အဆင့် ၁၁ ၌ ရပ်တည်လျက်ရှိပါသည်။ တူရကီ နိုင်ငံသည် လက်နက်ထောက်ပံ့မှုနှင့်ပတ်သက်၍ အနောက်အုပ်စုအပေါ် မှီခိုရမှုကိုလျှော့ချရန် စိတ်ဆန္ဒပြင်းပြလျက်ရှိသည့်အပြင် လက်ရှိ သမ္မတအာဒိုဂန်သည် တူရကီနိုင်ငံအား ယခင် အော်တိုမန်အင်ပါယာကဲ့သို့ အင်အားကြီးမားကာ သြဇာဖြန့်ကြက်နိုင်ရေးကို လိုလားလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့်လည်း တူရကီသည် နေတိုးအဖွဲ့၏ လောင်းရိပ်ကိုခိုလှုံကာ အနောက်အင်အားကြီးနိုင်ငံများ၏ နည်းပညာကိုလေ့လာပြီး ဒေသတွင်း ကိုယ်ပိုင်နည်းပညာများ ပိုင်ဆိုင်နိုင်ရေးအတွက် လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှ စတင်ကာကြိုးပမ်းလာခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ တူရကီနိုင်ငံထုတ် မောင်းသူမဲ့ တိုက်ခိုက်ရေးဒရုန်းများစွမ်းရည်ကို ၂၀၂၀ ပြည့်နှစ်အတွင်းက ဖြစ်ပွားခဲ့သည့် အာမေးနီးယား- အဇာဘိုင်ဂျန်ပဋိပက္ခများတွင် အထင်အရှားမြင်တွေ့လာခဲ့ရပါသည်။ လက်ရှိတွင်လည်း အဇာဘိုင်ဂျန်၊ ကာတာ၊ ယူကရိန်း၊ တူနီးရှားအပါအဝင် နေတိုးမဟာမိတ်နှင့် ပိုလန် နိုင်ငံတို့က တူရကီနိုင်ငံထုတ် တိုက်ခိုက်ရေးဒရုန်းများကို ဝယ်ယူခဲ့ကြသည့်အပြင် အခြား နိုင်ငံအများအပြားကလည်း စိတ်ဝင်စားမှုရှိနေပါသည်။ ထို့ကြောင့် တူရကီအနေဖြင့် နေတိုးအဖွဲ့၏လောင်းရိပ်အောက်မှပင် မောင်းသူမဲ့တိုက်ခိုက်ရေးဒရုန်းထုတ်လုပ်ရောင်းချမှု ကဏ္ဍကို ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားနိုင်ဖွယ်ရှိပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် အာမေးနီးယား-အဇာဘိုင်ဂျန်ပဋိပက္ခတွင် အသုံးပြုခဲ့သည့် ၎င်းတို့ဒရုန်းများ၏ အားနည်းချက်/ အားသာချက်များကိုပြုပြင်လျက် ပိုမိုအဆင့်မြှင့်တင်မှုများပြုလုပ်ကာ မောင်းသူမဲ့ တိုက်ခိုက်ရေးဒရုန်းထုတ်လုပ်ရောင်းချမှုကဏ္ဍတွင်လည်း ကမ္ဘာ့ဉီးဆောင်သူဖြစ်စေရေး ဆက်လက်ရည်မှန်းချက်ထား လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ် ပါသည်။

No comments:

Post a Comment