Xinhua; Sep-1 (Wed)
ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos
Mitsotakis) သည် ဩဂုတ်လ ၃၁ ရက်တွင် အစိုးရအဖွဲ့ဝင်များအား ပြန်လည်ပြင်ဆင်မှုပြုလုပ်ခဲ့ပြီးနောက်
အဆိုပါဝန်ကြီးအသစ်များသည် ဝန်ကြီးချုပ်နှင့် သမ္မတ ကတ်တာရီနာဆက်ကယ် လာရိုပူလို
(Katerina Sakellaropoulou) တို့၏ ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါပြင်ဆင်မှုများ ပြုလုပ်ခဲ့ရာတွင် ဂရိနိုင်ငံ၏ အဓိကကျသည့် စီးပွားရေး၊ နိုင်ငံခြားရေးနှင့်
အခြားသော ဝန်ကြီးဌာနများအား ပြင်ဆင်မှုပြုလုပ်ခဲ့ခြင်း မရှိကြောင်း ဂရိဝန်ကြီးချုပ်က
ပြောကြားခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဟောင်းတစ်ဦး ဖြစ်သည့်
တာကစ်သီအိုဒိုရီကာကို့စ် (Takis Theodorikakos) အား ကာကွယ်ရေးဆိုင်ရာ ဝန်ကြီးအသစ်အဖြစ်လည်းကောင်း၊ အာဏာရဒီမိုကရေစီပါတီသစ်
(New Democracy-ND) မှ ပါလီမန်အမတ်တစ်ဦးဖြစ်သည့်
သနော့စ်ပလီဗ်ရစ် (Thanos Plevris) အား ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ယခင်ကျန်းမာရေးဝန်ကြီး
ဗက်စ်စီလစ် ကီကီလီရက်စ် (Vassilis Kikilias) အား ခရီးသွားလာရေးဝန်ကြီးအဖြစ်လည်းကောင်း
တာဝန်များ အသီးသီးပေးအပ်ခဲ့ပါသည်။
ဂရိဝန်ကြီးချုပ်အနေဖြင့်
ဩဂုတ်လ ၃၁ ရက်အစောပိုင်းတွင် မြို့ပြကာကွယ်ရေး ဝန်ကြီးဌာနအသစ်အား
ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါသည်။ အဆိုပါဝန်ကြီးဌာနသည် နိုင်ငံ၏ အကျပ်အတည်းများအား စီမံခန့်ခွဲဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်
ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက
မှတ်ချက်ပြုပြောကြား ခဲ့ပါသည်။ မြို့ပြကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၉ ခုနှစ်တွင်
လက်ဝဲယိမ်း SYRIZA အစိုးရ၏ လက်အောက်၌ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အီဗန်ဂျီလို့စ်အပိုစ်တိုလာကစ် (Evan-gelos
Apostolakis) အား အမည်စာရင်းတင်သွင်း ခဲ့သော်လည်း
အပိုစ်တိုလာကစ်သည် ပါတီ၏ခွင့်ပြုချက်မရရှိခဲ့ခြင်းကြောင့် ၎င်းရာထူးအား လက်ခံနိုင်ခြင်းမရှိခဲ့ကြောင်းနှင့်
လက်ရှိတွင် ၎င်းဝန်ကြီးဌာနနှင့်ပတ်သက်သည့် အဓိက ရာထူးများကို ခန့်အပ်ထားခြင်းမရှိသေးကြောင်း
ဝန်ကြီးချုပ်က ထပ်လောင်းပြောကြား ခဲ့ပါသည်။ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဂရိအစိုးရအဖွဲ့သည်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment