Sunday, September 19, 2021

အမေရိကန်နှင့် တူရကီစစ်ဘက်အကြီးအကဲတို့သည် နေတိုးစစ်ကော်မတီ အစည်းအဝေးအတွင်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ခြင်း


Anadoluagency; Sep-19 (Sun)

                အမေရိကန်ပူးတွဲစစ်ဉီးချုပ်များဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မက်ခ်မိုင်လေ (Mark Milley) နှင့် တူရကီစစ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး ယာဆာဂူလာ(Yasar Gular) တို့သည် ဂရိနိုင်ငံ၊ မြို့တော် အေသင် (Athens) ၌ ကျင်းပပြုလုပ်ခဲ့သော နေတိုးစစ်ကော်မတီ အစည်းအဝေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် စက်တင်ဘာလ ၁၉ ရက်တွင် သီးခြား တွေ့ဆုံခဲ့ကြောင်း အမေရိကန်စစ်ဘက်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှု အတွင်း ၎င်းတို့သည် နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆွေးနွေး ခဲ့ကြပြီး အာဖဂန်နစ္စတန်နိုင်ငံမှဆုတ်ခွာမှုအခြေအနေ၊ ဒေသတွင်းလုံခြုံရေး၊ အကြမ်းဖက် တန်ပြန်နှိမ်နင်းရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ၎င်းတို့သည် ဒုက္ခသည်အရေးကိစ္စနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများအား ဆွေးနွေးခဲ့ကြ ပါသည်။ အမေရိကန်နိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ချီးကျူးပြောဆိုခဲ့သည့် အပြင် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေး ဆက်လက် ပိုမိုခိုင်မာလာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။

        နေတိုးစစ်ကော်မတီအစည်းအဝေးသို့ အမေရိကန်နှင့်တူရကီနိုင်ငံအပါအဝင် မဟာမိတ်နိုင်ငံများမှစစ်ဦးစီးချုပ်များလည်းတက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးအတွင်း မဟာမိတ်နိုင်ငံများအတွက် မဟာဗျူဟာမြောက်အရေးပါသည့်ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။ ထို့ပြင် အဆိုပါအစည်းအဝေးအတွင်း နေတိုးမဟာမိတ်အဖွဲ့ ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်အစီအစဉ်၏ ကနဉီးလုပ်ဆောင်ချက်များအပါအဝင် မဟာမိတ်နိုင်ငံများ၏စစ်ရေးဆိုင်ရာပါဝင်ပတ်သက်မှုများနှင့် အခွင့်အလမ်းများစသည့် ကိစ္စရပ်များကို အလေးထားဆွေးနွေးသွားမည်ဖြစ်ကြောင်း နေတိုးမဟာမိတ်အဖွဲ့၏ အစောပိုင်းထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။ သုံးသပ်ချက်

        နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အမေရိကန်နှင့် တူရကီနိုင်ငံတို့သည် အစောပိုင်းကာလအတွင်း တူရကီနိုင်ငံမှ ရုရှားထုတ်ဒုံးလက်နက်ဝယ်ယူရေးနှင့် ဆီးရီးယား အရေးကိစ္စများနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိခဲ့ကြပါသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်(Joe Biden)လက်ထက်တွင် တူရကီနှင့် သဘောထားကွဲလွဲမှုများအား သံတမန်ဆက်ဆံရေး နည်းလမ်းဖြင့် ဖြေရှင်းကိုင်တွယ်လျက်ရှိသဖြင့် နှစ်နိုင်ငံဆက်ဆံရေးသည် အတိုင်းအတာ တစ်ခုအထိ တိုးတက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ တူရကီနိုင်ငံသည် အာဖဂန် နစ္စတန်မှ အမေရိကန်တပ်ဖွဲ့ဝင်များဆုတ်ခွာရန်အတွက် ကဘူးလ်လေဆိပ်လုံခြုံရေး အတွက် အဓိကပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီးနောက် အမေရိကန်သည် တူရကီနိုင်ငံအား အရေးပါသော နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် ဒေသတွင်းတန်ဖိုးမဖြတ် နိုင်သည့် မိတ်ဖက်တစ်ဦးအဖြစ် ထုတ်ပြန်ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ တစ်ဖက်တွင်လည်း တူရကီနိုင်ငံသည် နိုင်ငံ့ပုံရိပ်အား ပိုမိုကောင်းမွန်လာစေရေးနှင့် နိုင်ငံတကာအကြား ပိုမိုဝင်ဆံ့လာစေရေးအတွက် နိုင်ငံရေး၊ စစ်ရေးဉီးတည်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် အလေးထားလုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရပါသည်။ ယခုကျင်းပသည့် နေတိုးမဟာမိတ်စစ်ကော်မတီ အစည်းအဝေးတွင် နှစ်နိုင်ငံစစ်ဘက်အကြီးအကဲတို့သည် သီးခြားတွေ့ဆုံ၍ အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာလုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဉ်များကို အလေးထားဆွေးနွေး လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ အမေရိကန်နှင့် တူရကီစစ်ဘက်အကြီးအကဲ များတွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား စစ်ဘက်ဆက်ဆံရေးမှတစ်ဆင့် အပြုသဘောဆောင် သည့် သံတမန်ဆက်ဆံရေး၏ခေတ်သစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

No comments:

Post a Comment