Thursday, September 23, 2021

ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်များဝယ်ယူသည့် ဆုံးဖြတ်ချက်အား ပြောင်းလဲသွားရန်မရှိကြောင်း တူရကီသမ္မတက ပြောကြားခဲ့ခြင်း

Tass; Sep-23 (Thu)

    တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်များ ဝယ်ယူအသုံးပြုခြင်းနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်များကို ပြန်လည် ပြင်ဆင်သွားရန် ရည်ရွယ်ထားခြင်းမရှိကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီ-အမေရိကန်ဆက်ဆံရေးသည် ခိုင်မာကောင်းမွန်သည့် ဆက်ဆံရေးအဆင့်တွင် မရှိကြောင်း၊ အမေရိကန်နိုင်ငံထံမှ F-35 ပဉ္စမမျိုးဆက်တိုက်လေယာဉ်များဝယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အမေရိကန်သည် ၎င်း၏ရောင်းချမည့်အစီအစဉ်မှ တူရကီနိုင်ငံ အား ဖယ်ရှားခဲ့ကြောင်းနှင့် တူရကီနိုင်ငံအနေဖြင့် S-400 လက်နက်စနစ်များဝယ်ယူမှု နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် အဆိုပါဆုံးဖြတ်ချက် အပေါ် လေးစားလိုက်နာသွားရန်လိုအပ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြား ခဲ့ပါသည်။

    တူရကီနိုင်ငံသည် ရုရှားနိုင်ငံထံမှ လေကြောင်းရန်ကာကွယ်ရေးလက်နက် စနစ်များဝယ်ယူသည့် ပထမဆုံးနေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် လက်နက်ဝယ်ယူရေးအတွက် နှစ်နိုင်ငံသဘောတူညီမှုများ ရရှိခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံ၏ အထက်ပါဆုံးဖြတ်ချက်သည် အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ အတွက် အမျက်ဒေါသဖြစ်စေသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်စေခဲ့ပြီး တူရကီအနေဖြင့် ၎င်းလက်နက်စနစ်ဝယ်ယူမှုအား စွန့်လွှတ်သွားရန် အမေရိကန်နိုင်ငံက ကြိုးပမ်းခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment