Aljizeera;Oct-19(Tue)
ပိုလန်နိုင်ငံသည် ၎င်းတို့နိုင်ငံအတွင်းသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူအရေအတွက် များ တိုးပွားလာမှုကို တုံ့ပြန်သည့်အနေဖြင့် ဘီလာရုဇ်နှင့် ထိစပ်လျက်ရှိသည့် နယ်စပ် တစ်လျှောက်ကို ကာကွယ်စောင့်ရှောက်ရန် တပ်ဖွဲ့ဝင်အင်အား ၆,၀၀၀ ခန့်အား တိုးမြှင့် ချထားမှုပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး မာရီယူဇ်ဘလက်ဇက် (Mariusa Blaszczak) က အောက်တိုဘာလ ၁၉ ရက်တွင် ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံသည် အောက်တိုဘာလ ၁၆ ရက်တွင် အဆိုပါ နယ်စပ်အနီး၌ တပ်ဖွဲ့ဝင် ၃,၀၀၀ ခန့် တပ်ဖြန့် ချထားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက်တွင် အမှတ် (၁၆)၊ အမှတ် (၁၈)၊ အမှတ် (၁၂) တပ်မများမှ တပ်ဖွဲ့ဝင် ၆,၀၀၀ ခန့်အား ဘီလာရုဇ်နယ်စပ်သို့ စေလွှတ် ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ တပ်ဖွဲ့ဝင်များသည် မိမိတို့နိုင်ငံ၏ နယ်စပ်ဒေသအား ကာကွယ်ပေးပြီး နယ်ခြားစောင့်တပ်ဖွဲ့အား အထောက်အကူပေးသွားမည်ဖြစ်ကာ တရားမဝင် ဝင်ရောက်လာမှုများကိုလည်း တားဆီးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။
ဘီလာရုဇ်နယ်စပ်တွင် အောက်တိုဘာလ ၁၈ ရက်က ပိုလန်နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသူ ၆၁၂ ဉီးရှိကြောင်း ပိုလန်နယ်ခြားစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပြီးနောက် မာရီယူဇ်ဘလက်ဇက်၏ အထက်ပါ တပ်ဖွဲ့ဝင်များတိုးမြှင့်ချထားမှု ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ပိုလန်နိုင်ငံသည် ဒေသတွင်း အရေးပေါ်အခြေအနေ ကြေညာထားပြီး ဘီလာရုဇ်နယ်စပ်တွင် တံတိုင်းတစ်ခုတည်ဆောက်ရန် စီစဉ်လျက် ရှိသည့်အပြင် လွှတ်တော်ကလည်း ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပါသည်။ သြဂုတ်လ အတွင်းက စတင်ဖြစ်ပွားခဲ့သည့် ပိုလန်-ဘီလာရုဇ်နယ်စပ်အရေးကြောင့် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူ အနည်းဆုံး ၇ ဉီး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment