Sunday, November 21, 2021

ကူးသန်းသွားလာမှုနှင့် ကုန်သွယ်မှုအပါအဝင် ပိုလန်-ဘီလာရုဇ်နယ်စပ်အား ပိတ်သိမ်းသွားရန်အသင့်ရှိကြောင်း ပိုလန်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း

 

Tass; Nov-21 (Sun)

              ပိုလန်နိုင်ငံသည် ပိုလန်-ဘီလာရုဇ်နယ်စပ်ပိတ်သိမ်းခြင်းနှင့် ကုန်သွယ်ရေး လမ်းကြောင်းများပိတ်သိမ်းခြင်းအပါအဝင် ဘီလာရုဇ်နိုင်ငံအပေါ် တင်းကျပ်သောစီးပွားရေး ဆိုင်ရာ အရေးယူပိတ်ဆို့မှုများချမှတ်သွားရန် စဉ်းစားသုံးသပ်လျက်ရှိကြောင်း ပိုလန် ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က အက်စ်တိုးနီးယား ဝန်ကြီးချုပ် ကာဂျာကယ်လက်စ် (Kaja Kallas) နှင့် နိုဝင်ဘာလ ၂၁ ရက်တွင် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

              ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်လာခဲ့သည့် ဥရောပသမဂ္ဂ-ဘီလာရုဇ် နယ်စပ်ပဋိပက္ခ သည် အီရတ်နှင့်အာဖရိကဒေသတို့မှ ထောင်ပေါင်းများစွာသော တရားမဝင်ရွှေ့ပြောင်း အခြေချနေထိုင်သူများအား ဘီလာရုဇ်နယ်စပ်မှတစ်ဆင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များဖြစ်သည့် ပိုလန်၊ လက်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံများသို့ ပို့ဆောင်ရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရွှေ့ပြောင်းအခြေချနေထိုင်မှု အကျပ်အတည်း တစ်ခုဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘီလာရုဇ်သမ္မတ ရွေးကောက်ပွဲ၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများ၊ Ryanair Flight 4978 အား အင်အားသုံးဆင်းသက်စေမှုဖြစ်စဉ်နှင့် ဘီလာရုဇ်အပြေးမယ် ကရတ်စ်ဆီနာ ဆီမနိုစကာရာ (Krystsina Tsimanou -skaya) အား အတင်းအကျပ်နေရပ်ပြန်ခေါ်ရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် ဘီလာရုဇ်-ဥရောပသမဂ္ဂ ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါသည်။ ဘီလာရုဇ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုသည် လူကုန်ကူးသူများ၊ မူးယစ်ဆေးဝါးမှောင်ခိုသမားများနှင့် လက်နက်ကိုင် ရွှေ့ပြောင်းနေထိုင်သူများကို ဥရောပနိုင်ငံများ အထူးသဖြင့် ပိုလန်နိုင်ငံသို့ ပို့ဆောင်ခဲ့ ခြင်းကြောင့် ပဋိပက္ခများမြင့်တက်ခဲ့ရပါသည်။ ပိုလန်နိုင်ငံ၏ အရှေ့ဘက်စစ်မျက်နှာစာ တွင် ရွှေ့ပြောင်းနေထိုင်သူများနှင့် မဟုတ်မမှန်သည့်သတင်းများကို လက်နက်သဖွယ် အသုံးပြုလျက် မငြိမ်သက်မှုများဖန်တီးရန် ကြိုးပမ်းလုပ်ဆောင်ရွက်လျက်ရှိကြောင်း ပိုလန်ဝန်ကြီးချုပ်က စွပ်စွဲပြောကြားခဲ့ပါသည်။ ဘီလာရုဇ်တပ်ဖွဲ့ဝင်များအနေဖြင့် ပိုလန် လုံခြုံရေးတပ်ဖွဲ့များအား မည်ကဲ့သို့တိုက်ခိုက်သွားရန်နှင့်ပတ်သက်၍ ရွှေ့ပြောင်းအခြေချ နေထိုင်သူများအား လမ်းညွှန်ပြသထားသည့် ဗီဒီယိုတစ်ခုရှိကြောင်းနှင့် ထိုသို့ဆောင်ရွက် မှုသည် အခြေအနေများ ပိုမိုဆိုးရွားလာစေနိုင်ကြောင်း မိုရာဝီခ်ကီက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ပိုလန်နိုင်ငံသည် ပိုလန်-ဘီလာရုဇ်နယ်စပ်ပိတ်သိမ်း ခြင်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်သိမ်းခြင်းအပါအဝင် ဘီလာရုဇ်နိုင်ငံ အပေါ် တင်းကျပ်သည့် စီးပွားရေးဆိုင်ရာအရေးယူပိတ်ဆို့မှုများ ချမှတ်သွားရန် စဉ်းစားသုံးသပ် လာခဲ့ခြင်းဖြစ်ပါသည်။ နယ်စပ်ပဋိပက္ခများ နှင့်ပတ်သက်၍ ဘီလာရုဇ်နိုင်ငံအနေဖြင့် အလျော့ပေး ဆောင်ရွက်ခြင်း မပြုပါက ပိုလန်-ဘီလာရုဇ်နှစ်နိုင်ငံအကြား တင်းမာမှုများမှာ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည့်အပြင် အရေးယူပိတ်ဆို့မှုများနှင့်လည်း ပိုမိုရင်ဆိုင်သွားရ နိုင်ဖွယ်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။ 

No comments:

Post a Comment