Sunday, January 9, 2022

ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှနုတ်ထွက်ခဲ့ခြင်း

Xinhua; Jan-9 (Sun)

ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ခရစ်တိုဒိုလီဒက်စ် (Nikos Christodoulides) သည် ၎င်း၏ရာထူးမှနုတ်ထွက်ကြောင်း ဇန်နဝါရီလ ၉ ရက်တွင် ကြေညာခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ခရစ်တိုဒိုလီဒက်စ်သည် ၎င်း၏နုတ်ထွက်စာကို ဆိုက်ပရပ်စ်သမ္မတ နီကိုးစ်အက်နာစတာဆီရာဒစ် (Nikos Anastasiadis) ထံ လွန်ခဲ့သည့်ရက်အနည်းငယ်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်တွင် သမ္မတက နုတ်ထွက်ခွင့်ကိုလက်ခံခဲ့ပြီး ဖြစ်ပါသည်။ ခရစ်တိုဒိုလီဒက်စ်သည် ၂၀၁၈ ခုနှစ်၊ မတ်လတွင် နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး ၎င်း၏အာဏာရ Democratic Rally Party ဥက္ကဋ္ဌ အဲဗာရော့နီယိုဖီတူ (Averof Neofytou) နှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေစဉ် အတွင်း ယခုကဲ့သို့ ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့ နိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်တင်သွင်းထားရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပရန်စီစဉ်ထားသော ဆိုက်ပရပ်စ်သမ္မတ ရွေးကောက်ပွဲတွင်မူ ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ခရစ်တိုဒိုလီဒက်စ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါ သမ္မတရွေးကောက်ပွဲတွင် ပါတီကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ရာတွင် ခရစ်တိုဒိုလီဒက်စ်အနေဖြင့် မဲအသာဖြင့်အနိုင်ရရှိခဲ့ပါက ပါတီခေါင်းဆောင်ရာထူးအား လွှဲပြောင်းပေးမည်ဟု နီယိုဖီတူက ပြောကြားထားခဲ့ကြောင်းကိုလည်း သတင်းအရင်းအမြစ် များက ဖော်ပြခဲ့ပါသည်။ ခရစ်တိုဒိုလီဒက်စ်သည် ၎င်းအနေဖြင့် ပါတီခေါင်းဆောင် နေရာအား ရယူလိုခြင်းမရှိကြောင်း၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် သမ္မတ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးကိုသာ ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ပြီး ၎င်း၏နုတ်ထွက်မှုသည် ဇန်နဝါရီလ ၁၁ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment