Monday, January 17, 2022

သီရိလင်္ကာနိုင်ငံ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ဂေရီနိုင်ငံမှ ချေးငွေများပေးအပ်ခဲ့ခြင်း

Tamilguardian;Jan-16(Sun)

သီရိလင်္ကာနိုင်ငံသည် အရေးပါသည့်မိုးပျံလမ်းတည်ဆောက်ရေးအပါအဝင် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ဟန်ဂေရီနိုင်ငံမှ ချေးငွေယူရို ၅၂ သန်းအား လက်ခံရရှိခဲ့ကြောင်း TAMIL GUARDIAN သတင်းဌာနက ဇန်နဝါရီလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးနှင့် ကုန်သွယ်ရေးဝန်ကြီး ဖြစ်သူ ပီတာဆီဂျာတို (Peter Szijjarto)သည် သီရိလင်္ကာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီးနောက် ဟန်ဂေရီနိုင်ငံမှ အထက်ပါအတိုင်း ချေးငွေပေးအပ်ခဲ့ခြင်းဖြစ်ပါ သည်။ သီရိလင်္ကာနိုင်ငံအနေဖြင့်လည်း ဟန်ဂေရီနိုင်ငံနှင့် ဆက်ဆံရေးပိုမိုနက်ရှိုင်း စေရန်လိုလားကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ဂျမ်မီနီလက်ခ်မန်ပီးရစ် (Gemini Lakshman Peiris) က ဆီဂျာတိုနှင့် တွေ့ဆုံမှုပြုလုပ်စဉ်ပြောကြားခဲ့ပါသည်။ တွေ့ဆုံမှု အတွင်း ဝန်ကြီးနှစ်ဦးတို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွား လာမှုဆိုင်ရာ ဆက်ဆံရေးများအပါအဝင် စီးပွားရေးဆက်ဆံမှုများ ပိုမိုကျယ်ပြန့်လာ စေရန် အလေးထားဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် သီရိလင်္ကာ-ဟန်ဂေရီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲ ကောင်မရှင်၏ ဒုတိယအကြိမ်အစည်းအဝေးအား ယခုနှစ်အစောပိုင်းတွင် ကျင်းပရန် လည်း ၎င်းတို့က သဘောတူညီခဲ့ကြပါသည်။ သီရိလင်္ကာနိုင်ငံမှ ဥရောပဈေးကွက်သို့ တင်ပို့လျက်ရှိသည့် အဓိကပို့ကုန်များအား အခွန်ကင်းလွတ်ခွင့် ရရှိထားသည့်နည်းတူ ဟန်ဂေရီဈေးကွက်တွင်လည်း အထွေထွေဦးစားပေးစနစ်ရရှိရန်လိုအပ်ကြောင်း ပီးရစ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် ဖွံ့ဖြိုး တိုးတက်မှုနောက်ကျလျက်ရှိသော်လည်း သီရိလင်္ကာအစိုးရအနေဖြင့် ယခုရရှိခဲ့သည့် ချေးငွေများအား ကိုဟူဝါလာ (Kohuwala) မြို့နှင့် ဂါတမ်ဘီ (Gatambe)မြို့တို့တွင် မိုးပျံလမ်းများတည်ဆောက်မည့်စီမံကိန်းနှင့်ပတ်သက်၍ အသုံးပြုရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်
သီရိလင်္ကာနှင့် ဟန်ဂေရီနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးအား ၁၉၅၉ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၁၅ ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၇၅ ခုနှစ်တွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ၁၉၇၉ ခုနှစ်တွင် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုများအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဟန်ဂေရီနိုင်ငံသည် ၂၀၀၉ ခုနှစ်တွင် သီရိလင်္ကာ နိုင်ငံ၊ ကာလူတာရာ (Kalutara) မြို့တွင် ပင်လယ်ပြင်စက်ရုံတည်ဆောက်ရေးအတွက် ရူပီး ၂,၈၅၀ သန်း (အမေရိကန်ဒေါ်လာ ၂၄ သန်း) ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ ယခုအခါ သီရိလင်္ကာနိုင်ငံ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ဂေရီနိုင်ငံမှ ချေးငွေ ယူရို ၅၂ သန်း ထပ်မံပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးအပေါ် ပြင်းထန်သည့်ရိုက်ခတ်မှုများဖြစ်ပေါ် နေချိန်တွင် ခရီးသွားလုပ်ငန်းအပေါ် အဓိကမှီခိုအားထားနေရသည့် သီရိလင်္ကာနိုင်ငံ သည် ကမ္ဘာလှည့်ခရီးသွားများလာရောက်မှုကျဆင်းလာခြင်းကြောင့် ပြည်ပအရန်ငွေ ရရှိမှုကျဆင်းလာခဲ့ပါသည်။ နိုင်ငံတော်အသုံးစရိတ်သည် နိုင်ငံဝင်ငွေထက်များနေခြင်း ကြောင့် ပြည်ပနိုင်ငံများထံမှ ချေးငွေများရယူရင်း အကြွေးပိသထက်ပိနေသည့်နိုင်ငံ ဖြစ်ပါသည်။ သီရိလင်္ကာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းကြောင်းအစီအစဉ် (Felt and Road Initiative -BRI)အရ ကိုလံဘိုဆိပ်ကမ်းစီမံကိန်း၊ ဟမ်ဘန်တိုတာ ဆိပ်ကမ်းစီမံကိန်းနှင့် လေယာဉ်ကွင်းဆောက်လုပ်ရေးအပါအဝင် အခြားသောအခြေခံ အဆောက်အအုံစီမံကိန်းများအတွက် တရုတ်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ကျော်ချေးယူထားခဲ့ပါသည်။ သီရိလင်္ကာအစိုးရအနေဖြင့် ၂၀၁၇ ခုနှစ်တွင် တရုတ် နိုင်ငံသို့ပေးဆပ်ရမည့် အကြွေးများပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသဖြင့် နိုင်ငံတောင်ပိုင်းရှိ ဟမ်ဘန်တိုတာဆိပ်ကမ်းစီမံကိန်းကို တရုတ်အစိုးရပိုင် China Merchants ကုမ္ပဏီ လက်ထဲသို့ ထိုးအပ်ခဲ့ရပါသည်။ ၎င်းဆိပ်ကမ်းစီမံကိန်း၏ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်ကုမ္ပဏီထံသို့ ၉၉ နှစ်ကြာ နှစ်ရှည်ငှားရမ်းရပြီး အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို တရုတ်က ရရှိသွားမည်ဖြစ်ပါသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် ယနေ့ခေတ် တွင် စစ်ရေးအင်အားအသုံးပြု၍ နယ်ချဲ့ခြင်းကိုမပြုလုပ်တော့ဘဲ စီးပွားရေးနည်းဖြင့် နယ်ပယ်ချဲ့ထွင်ခြင်းကို လုပ်ဆောင်နေကြပါသည်။ သို့ဖြစ်ပါ၍ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည့် ဟန်ဂေရီနိုင်ငံသည် အကြွေးနွံနစ်နေသည့် သီရိလင်္ကာနိုင်ငံအား ယူရို ၅၂ သန်း ထပ်မံချေးပေးခြင်းသည် စီးပွားရေးအရ နယ်မြေချဲ့ထွင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment