Tuesday, January 18, 2022
တရုတ်နှင့် အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီးတို့သည် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ခြင်း
Xinhua; Jan-18 (Tue)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် အက်စတိုးနီးယားနိုင်ငံ ခြားရေးဝန်ကြီး အီဗာမာရီယာလီမတ်စ် (Eva-Maria liimets) တို့သည် ဇန်နဝါရီလ ၁၇ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနကဖော်ပြခဲ့ပါသည်။ တရုတ်နှင့် အက်စတိုးနီးယားနိုင်ငံတို့သည် လွန်ခဲ့ သည့် နှစ်ပေါင်း ၃၀ ကျော်မှစ၍ သံတမန်ဆက်ဆံရေးတစ်ရပ် ထူထောင်ခဲ့ကြသည့် နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနှင့်တန်းတူညီမျှမှုတို့သည် အပြန်အလှန်အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဝမ် က ပြောကြားခဲ့ ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကျိုးစီးပွားအတွက် အလေးအနက်ထားဆောင်ရွက်သွားရန်၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် နိုင်ငံတကာဆက်ဆံရေးစံနှုန်း များကို လေးစားလိုက်နာရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် အဓိကကျသည့် နိုင်ငံရေး အခြေခံအုတ်မြစ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် အလေးထားဆောင်ရွက် သင့်ကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်ကုန်များ၊ အီလက်ထ ရွန်နစ်ကုန်သွယ်ရေး (e-commerce) နှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန်အတွက်လည်း ၎င်းဆွေးနွေးမှုအတွင်း ဝမ် က ပြောကြားခဲ့ပါသည်။ အက်စတိုးနီးယားနိုင်ငံအနေဖြင့်လည်း တရုတ်၏တစ်နိုင်ငံတည်း မူဝါဒ (One-China Policy) ကိုအခိုင်အမာထောက်ခံကြောင်းနှင့် အပြန်အလှန် ယုံကြည်မှုကိုမြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လီမတ်စ် က ကတိပြုပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် သံတမန်ဆက်ဆံရေးတစ်ရပ်ကို ဆက်လက်ထိန်းသိမ်း သွားရန်၊ သံတမန်ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများကျင်းပသွားရန်နှင့် တရုတ် နိုင်ငံသို့ အက်စတိုးနီးယားနိုင်ငံမှ နို့ထွက်ကုန်ပစ္စည်းများ၊ တောရိုင်းနှင့်ရေထွက် ကုန်ပစ္စည်းများတင်ပို့နိုင်ရေး သဘောတူညီခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား စိမ်းလန်းစိုပြေရေးနှင့် ဒစ်ဂျစ်တယ်စနစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအမြင်များကို ဖလှယ်ခဲ့ကြပြီး ရာသီဥတုပြောင်းလဲမှုကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ပူးတွဲဖြေရှင်းရန်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာအားကောင်းလာစေရန် အတွက် ဘေးကင်းလုံခြုံ၍ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်သည့် ဆိုက်ဘာနယ်ပယ် တစ်ခုတည်ဆောက်နိုင်ရေးကြိုးပမ်းသွားရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment