News.cn; Jan-21 (Fri)
ရုရှားစွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Gazprom မှ မော်ဒိုဗာနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့တင်ပို့မှုရပ်ဆိုင်းထားနိုင်ခြင်းကြောင့် မော်ဒိုဗာလွှတ်တော်သည် စွမ်းအင်ကဏ္ဍ၌ ရက်ပေါင်း ၆၀ ကြာ အရေးပေါ်အခြေအနေတစ်ရပ်ကို ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ Gazprom ကုမ္ပဏီသည် ဇန်နဝါရီလအတွက် ပေးချေရမည့်ငွေကြေးအား ကြိုတင်တောင်းခံခဲ့ရာ မော်ဒိုဗာပြည်တွင်း သဘာဝဓာတ်ငွေ့ကုမ္ပဏီ Moldovagaz အနေဖြင့် လိုအပ်သည့် ငွေကြေးအလုံအလောက်မရှိခြင်းကြောင့် ပေးချေရန်ပျက်ကွက်ခဲ့သည့် အတွက် Gazprom ကုမ္ပဏီမှ မော်လ်ဒိုဗာသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုအား ဇန်နဝါရီလ ၂၁ ရက်မှစတင်၍ဆိုင်းငံ့ထားရန် သတိပေးပြောကြားခဲ့ခြင်းဖြစ်ပါသည်။ Moldovagaz နှင့် Gazprom ကုမ္ပဏီတို့သည် ကြိုတင်ငွေပေးချေမှုစည်းမျဉ်းပါရှိသော သဘောတူညီချက်အား နှစ်ပေါင်းများစွာကြာ ချုပ်ဆိုထားရှိခဲ့ခြင်းဖြစ်ပြီး Gazprom ကုမ္ပဏီအနေဖြင့် ယခင်က ဆိုင်းငံ့ငွေပေးချေမှုစနစ်ကို လက်ခံခဲ့သော်လည်း လက်ရှိတွင် ကြိုတင်ငွေပေးချေမှုဆိုင်ရာ စာချုပ်ပါစည်းမျဉ်းများကို ပထမဆုံးအကြိမ်အဖြစ် စတင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း မော်ဒိုဗာဝန်ကြီးချုပ် နတာလီရာဂါဗရီလီတာ (Natalia Gavrilița) က ပြောကြားခဲ့ပါသည်။
Moldovagaz သည် Gazprom ထံ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလအတွက် ကြိုတင် ငွေပေးချေမှုအဖြစ် ၅၀ ရာခိုင်နှုန်း၊ သို့မဟုတ် အမေရိကန်ဒေါ်လာ ၆၃ သန်းခန့်အား ဇန်နဝါရီလ ၂၀ ရက်တွင် ပေးချေရမည်ဖြစ်ရာ ၎င်းကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ ၃၈ သန်းသာရှိကြောင်း ဝန်ကြီးချုပ် ဗရီလီတာက ဆက်လက်ပြောကြားခဲ့ပါသည်။ မော်ဒိုဗာလွှတ်တော်၏ဆုံးဖြတ်ချက်အရ အရေးပေါ်အခြေအနေထုတ်ပြန်ထားသည့် ကာလအတွင်း ထူးခြားသောအခြေအနေများဆိုင်ရာ အမျိုးသားကော်မရှင်သည် စီမံ ခန့်ခွဲရေးအာဏာပိုင်အဖြစ်တာဝန်ယူ၍ အရေးပေါ်အခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များကိုလျော့နည်းစေရန်၊ ဖယ်ရှားနိုင်ရန်နှင့် ကာကွယ်တားဆီးရန်အတွက် လိုအပ်သည့်ဆောင်ရွက်ချက်များကို ချမှတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment