ArmyRecognition; Jan-2 (Sun)
အက်စတိုးနီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံ၏ လုံခြုံရေးအခြေအနေများအား အထောက်အကူဖြစ်စေနိုင်ရန်အတွက် အဆိုပါနိုင်ငံသို့ Javelin တင့်ဖျက်ဒုံးကျည်များနှင့် ၁၂၂ မီလီမီတာ ဟောင်ဝစ်ဇာများ ထောက်ပံ့ပေးသွားမည်ဟု အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနအကြီးအကဲ ပီတာကူအိုင်မက် (Peeter Kuimet) က ဇန်နဝါရီလ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ အက်စတိုးနီးယားနိုင်ငံသည် ယူကရိန်းစစ်ဘက်ဝန်ထမ်းများ၊ အမြောက်တပ်များနှင့် အထူးတပ်ဖွဲ့စစ်သည်များအား ၂၀၁၄ ခုနှစ်မှစ၍ ပံ့ပိုးကူညီမှုများရှိခဲ့ကြောင်း ပီတာကူ အိုင်မက်က ဆက်လက်ပြောကြားခဲ့ပါသည်။ အက်စတိုးနီးယားနိုင်ငံအနေဖြင့် Javelin တင့်ဖျက်ဒုံးကျည်များ၏ ဒုံးခွင်းဒုံးများအား အမေရိကန်နှင့်ပူးတွဲထုတ်လုပ်သည့် ဖင်လန်နှင့် ဂျာမနီတို့ထံမှ ခွင့်ပြုချက်မရရှိဘဲ အခြားသောနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်ခြင်းမပြု နိုင်ကြောင်း Republic World သတင်းဌာနက ဖော်ပြခဲ့ပါသည်။
Javelin အမျိုးအစား တာလတ်ပစ်အနီးကပ်တိုက်ခိုက်ရေးဒုံးကျည်စနစ် (Javelin close combat missile system–medium) သည် လူသယ်ဆောင်ပစ်ခတ်နိုင်ပြီး အနီအောက်ရောင်ခြည် ပဲ့ထိန်းဒုံးစနစ်ဖြစ်သည့်အတွက် ပစ်ခတ်ပြီး လှည့်ကြည့်ရန် မလိုသည့် ‘Fire and Forget’ လက်နက်အမျိုးအစား တင့်ကားဖျက်ပဲ့ထိန်းဒုံးကျည် စနစ်တစ်ခုဖြစ်ပါသည်။ ၎င်းစနစ်တစ်ခုလုံးတွင် တစ်ခါသုံးပစ်လွှတ်နိုင်သည့် ဒုံးကျည် တစ်စင်းနှင့် ပြန်လည်အသုံးပြုနိုင်သော ကွပ်ကဲပစ်ခတ်မှုယူနစ် (Command Launch Unit- CLU) တို့ပါဝင်ပြီး အလေးချိန်အားဖြင့် ၂၂ ကီလိုဂရမ်ခန့် ရှိပါသည်။ Javelin ဒုံးကျည်စနစ်သည် အကွာအဝေး ၂,၅၀၀ မီတာ နှင့် ၄,၀၀၀ မီတာအကြားရှိ ပစ်မှတ်များ အပါအဝင် အမြင့်ဆုံး ၄,၇၅၀ မီတာရှိ ပစ်မှတ်များကို ထိရောက်စွာပစ်ခတ်နိုင်စွမ်း ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment