Wednesday, March 9, 2022

ယူကရိန်းနိုင်ငံသို့ ဂျက်တိုက်လေယာဉ်များပေးပို့မည့် ပိုလန်နိုင်ငံ၏ အဆိုပြုချက်ကို အမေရိကန်က ပယ်ချခဲ့ခြင်း

 

Trtworld; Mar-9 (Wed)

              ယူကရိန်းနိုင်ငံတွင် အသုံးပြုရန် ၎င်း၏ MiG-29 ဂျက်တိုက်လေယာဉ်များအား ဂျာမနီနိုင်ငံရှိ Ramstein အမေရိကန်လေတပ်အခြေစိုက်စခန်းသို့ ပေးပို့သွားမည် ဟူသော ပိုလန်နိုင်ငံ၏ မတ်လ ၈ ရက် အစောပိုင်းက အဆိုပြုချက်ကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပယ်ချခဲ့ကြောင်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံ၏ အဆိုပြုချက်အစီအစဉ်သည် ယူကရိန်းဝေဟင်ပိုင်နက်တွင် လေကြောင်းစိုးမိုးမှုရရှိရန် ရုရှားနိုင်ငံနှင့် ယှဉ်ပြိုင် တိုက်ခိုက်ရမည်ဖြစ်ပြီး NATO မဟာမိတ်တစ်ဖွဲ့လုံးအတွက် စိုးရိမ်မှုများ ပြင်းထန်စွာ မြင့်တက်လာမည်ဖြစ်ကြောင်း ဂျွန်ကာဘီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းကိစ္စ နှင့်စပ်လျဉ်း၍ ပိုလန်၊ အခြားသော NATO မဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ခက်ခဲသော အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ စိန်ခေါ်မှုများရှိနေသော်လည်း ပိုလန်၏အဆိုပြုချက်သည် ယုတ္တိရှိပြီး လက်တွေ့ကျသော ကိစ္စရပ်မဟုတ်ကြောင်း ဂျွန်ကာဘီက ပြောကြားခဲ့ပါသည်။

              ပိုလန်နိုင်ငံအနေဖြင့် အထက်ပါကဲ့သို့ MiG-29 ဂျက်တိုက်လေယာဉ်များ ပေးပို့ရေးနှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရနှင့် ကြိုတင်ဆွေးနွေးမှုမပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးရာလက်ထောက်အတွင်းဝန် ဗစ်တိုးရီးယားနုလန် (Victoria Nuland) က အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ကြားနာပွဲတွင် ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂျက်တိုက်လေယာဉ်များပေးပို့မည့် ထုတ်ပြန်ချက်တွင် ဂျက်တိုက်လေယာဉ်များအား အခမဲ့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ပိုလန်အစိုးရသည် MiG-29 ဂျက်တိုက်လေယာဉ်များပိုင်ဆိုင်သော အခြားနိုင်ငံများကိုလည်း ၎င်းကဲ့သို့ လုပ်ဆောင်ရန် တောင်းဆိုခဲ့ပါသည်။ ပိုလန်နိုင်ငံ၏ ထုတ်ပြန်ချက်မထွက်ပေါ် မီကပင် ယူကရိန်းနိုင်ငံသည် ၎င်းနိုင်ငံသို့ တိုက်လေယာဉ်များပေးပို့ရေး တောင်းဆို နေခဲ့ပါသည်။ ပိုလန်နိုင်ငံသည် ၎င်း၏ MiG-29 ဂျက်တိုက်လေယာဉ်များနေရာတွင် အမေရိကန်၏ F-16 ဂျက်တိုက်လေယာဉ်များဖြင့် အစားထိုးရရှိစေမည့် အဆိုပြုချက်ကို အမေရိကန်သို့ ပေးပို့ထားပြီး အမေရိကန်အစိုးရအနေဖြင့် အဆိုပါအဆိုပြုချက်ကို စောင့်ကြည့်လေ့လာလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment