Friday, April 1, 2022

ဟန်ဂေရီနိုင်ငံသည် အထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်ခဲ့ခြင်း

 

Anadolu Agency; Apr-2(Sat)

              ဟန်ဂေရီနိုင်ငံသည် အထွေထွေရွေးကောက်ပွဲအား ဧပြီလ ၃ ရက်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ လူဦးရေ ၉.၇ သန်းနီးပါးအနက် ဆန္ဒမဲပေးသူ ၈.၂ သန်းခန့်သည် အထွေထွေရွေးကောက်ပွဲများအတွက် ဆန္ဒမဲပေးသွားမည်ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက ဧပြီလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲသည် အမျိုးသား လွှတ်တော်အမတ်နေရာ ၁၉၉ နေရာအတွက် အမတ်ကိုယ်စားလှယ်လောင်းများအား နည်းလမ်းနှစ်သွယ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်းဖြစ်ပါသည်။ လွှတ်တော်အမတ်နေရာ ၁၀၆ နေရာအတွက် ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒနယ်တစ်ခုချင်းစီအလိုက် နိုင်သူအကုန်ယူစနစ် (First–Past-The-Post-FPTP) ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး ကျန် ၉၃ နေရာကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်အများစုအား အချိုးကျကိုယ်စားပြု စနစ် (Proportional Representation-PR) ဖြင့် ရွေးချယ်သွားမည်ဖြစ်ပါသည်။ နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သော မဲဆန္ဒစစ်တမ်းများအရ မဲဆန္ဒရှင် ၄၁ ရာခိုင်နှုန်းသည် ဟန်ဂေရီလူထုမဟာမိတ် (Fidesz) နှင့် ခရစ်ယာန်ဒီမိုကရက်တစ်ပြည်သူ့ပါတီ (KDNP) တို့၏ မဟာမိတ်အဖွဲ့ကို ထောက်ခံခဲ့ပါသည်။

              မဲဆန္ဒရှင် ၃၉ ရာခိုင်နှုန်းသည် ဒီမိုကရက်တစ်ညွန့်ပေါင်းအဖွဲ့ (Democratic Coalition-DK) Jobbik ပါတီ၊ Momentum ပါတီ၊ ဟန်ဂေရီဆိုရှယ်လစ်ပါတီ (Hungarian Socialist Party-MSZP)၊ ဟန်ဂေရီ၏ အစိမ်းရောင်ပါတီ (Hungary's Green Party-LMP) နှင့် ဟန်ဂေရီဆွေးနွေးမှုပါတီ (Dialogue for Hungary party-PM) တို့စုပေါင်းထားသော ဟန်ဂေရီညွန့်ပေါင်းအဖွဲ့အား ထောက်ခံခဲ့ပါသည်။ အခြား ဆန္ဒမဲ ၁၆ ရာခိုင်နှုန်းသည် ၎င်းတို့မဲပေးမည့်ပါတီအား မဆုံးဖြတ်ရသေးကြောင်း စစ်တမ်းကောက်ယူမှု၌ ဖော်ပြခဲ့ပါသည်။ Fidesz-KDNP မဟာမိတ်အဖွဲ့နှင့် ဟန်ဂေရီ ညွန့်ပေါင်းအဖွဲ့တို့သာလျှင် လွှတ်တော်သို့ဝင်ရောက်ရန် လိုအပ်သည့် ရွေးကောက်ပွဲ ဆိုင်ရာ အခြေခံသတ်မှတ်ချက်အဆင့် ထောက်ခံမဲ ၅ ရာခိုင်နှုန်းထက် ကျော်လွန်ရရှိနိုင် မည်ဟု မျှော်မှန်းထားကြပါသည်။ အတိုက်အခံ ပီတာမာကီဇေ (Peter Marki-Zay) သည် Fidesz-KDNP မဟာမိတ်အဖွဲ့၏ ၂၀၁၀ ပြည့်နှစ်မှစတင်၍ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်လျက်ရှိသော လက်ရှိဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) အား ဖြုတ်ချရန် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။ ထို့ပြင် ရွေးကောက်ပွဲကျင်းပသည့်နေ့မှာပင် အသက် ၁၈ နှစ်အောက်အရွယ်များအား အရွယ်မရောက်သေးသူများဟု သတ်မှတ်ခြင်းနှင့် လိင်တူဆက်ဆံခြင်းကိုတားမြစ်သည့် ဥပဒေထောက်ခံရေး လူထုဆန္ဒခံယူပွဲကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              ဟန်ဂေရီနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် အထွေထွေရွေးကောက်ပွဲ အား ကျင်းပပြုလုပ်ခဲ့ပါသည်။ မဲရုံများကို ဒေသစံတော်ချိန် နံနက် ၆ နာရီတွင်စတင် ဖွင့်လှစ်၍ ည ၇ နာရီတွင် ပိတ်သိမ်းမည်ဖြစ်ကာ ဆန္ဒမဲပေးခြင်းကို ၁၃ နာရီကြာ မဲပေး နိုင်ပါသည်။ မဲရလဒ်များသည် ည ၁၁ နာရီမှ ည ၁၂ နာရီအကြားတွင် ထွက်ပေါ်လာ နိုင်ဖွယ်ရှိသည်ဟု အစိုးရ၏ပြောရေးဆိုခွင့်ရှိသူ ဇိုလ်တန်ကိုဗက်စ် (Zoltan Kovacs) က ပြောကြားခဲ့ပါသည်။ လက်ရှိဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) ဦးဆောင်သော အာဏာရညွန့်ပေါင်း Fidesz-KDNP ပါတီနှင့် ပီတာမာကီဇေ (Peter Marki-Zay) ဦးဆောင်သည့် အတိုက်အခံပါတီ ၆ ခုစုပေါင်းထားသော ညွန့်ပေါင်းမဟာမိတ်ပါတီတို့သည် အကြိုရွေးကောက်ပွဲရလဒ်များအရ မဲအများဆုံးရရှိထားသည့် ညွန့်ပေါင်းပါတီ ၂ ခု ဖြစ်ပါသည်။ အသက် ၄၉ နှစ်အရွယ်ရှိ အတိုက်အခံခေါင်းဆောင် ရှေးရိုးစွဲဝါဒီ ပီတာမာကီဇေက ဟန်ဂေရီနိုင်ငံသည် ဥရောပသမဂ္ဂတွင်ပါ၀င်လျက်ရှိပြီး အနောက်နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု မဲဆွယ်စည်းရုံးခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံ အနေဖြင့် အာရှနိုင်ငံများဖြစ်သော ရုရှားနှင့် တရုတ်တို့၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်သွားမည်မဟုတ်ကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။ အသက် ၅၈ နှစ်အရွယ် ဗစ်တာအော်ဘန် ကမူ ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကိုပယ်ချခြင်းဖြင့် ဟန်ဂေရီနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်သွားမည်ဖြစ်ကြောင်း မဲဆွယ်ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍  ရွေးကောက်ပွဲအတွင်း အတိုက်အခံခေါင်းဆောင် ပီတာမာကီဇေ၏ ပါတီအနိုင်ရရှိပါက အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများနှင့်ပူးပေါင်း၍ ယူကရိန်းနိုင်ငံ၏ အရေးကိစ္စတွင် ပါဝင်ကူညီနိုင်ဖွယ် ရှိပြီး လက်ရှိဝန်ကြီးချုပ် ဗစ်တာအော်ဘန် အနိုင်ရရှိခဲ့ပါက ဟန်ဂေရီနိုင်ငံအား လက်ရှိ ဖြစ်ပွားလျက်ရှိသည့် စစ်ရေးပဋိပက္ခအတွင်းသို့ ဝင်ရောက်မှုမရှိစေရေး နည်းမျိုးစုံ အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment