APnews; Apr-26(Tue)
ပိုလန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့အနေဖြင့် ရုရှားမှဝယ်ယူတင်သွင်းလျက် ရှိသော သဘာဝဓာတ်ငွေ့များအား ရူဘယ်လ်ငွေကြေးဖြင့် ပေးဆောင်ရမည်ဟူသော အဆိုပြုချက်ကို ငြင်းဆန်ခဲ့သောကြောင့် ရုရှားနိုင်ငံသည် ၎င်းတို့နိုင်ငံသို့ ပေးပို့လျက် ရှိသည့် သဘာဝဓာတ်ငွေ့များကို ဖြတ်တောက်ခဲ့ကြောင်း ပိုလန်နှင့် ဘူလ်ဂေးရီးယား အာဏာပိုင်များက ဧပြီလ ၂၆ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံပိုင် Gazprom စွမ်းအင်ကုမ္ပဏီကလည်း ဧပြီလ ၂၇ ရက်မှစတင်ကာ ဓာတ်ငွေ့ပေးပို့မှုကို ရပ်ဆိုင်းသွားမည်ဟုလည်း ၎င်းတို့နှစ်နိုင်ငံအား အသိပေးပြောကြားထားခဲ့ပါသည်။ အဆိုပါကိစ္စရပ်သည် ပြည်ပနိုင်ငံများအနေဖြင့် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ Gazprom ကုမ္ပဏီအား ငွေပေးချေရာတွင် ဒေါ်လာနှင့်ယူရိုငွေကြေးအစား ရူဘယ်လ်ငွေကြေးဖြင့် ပေးချေရမည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ၏ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ရပ်ဆိုင်းခံရခြင်းဖြစ်ပါသည်။
ရုရှားနိုင်ငံအနေဖြင့် အခြားသောဥရောပနိုင်ငံများကိုလည်း ဓာတ်ငွေ့ပေးပို့မှု ဖြတ်တောက်ခဲ့မည်ဆိုပါက ဥရောပဒေသ၏စီးပွားရေးကို ထိခိုက်မှုဖြစ်ပေါ်စေခြင်း၊ သဘာဝဓာတ်ငွေ့ဈေးနှုန်းမြင့်တက်စေခြင်းနှင့် ဓာတ်ငွေ့ပေးပို့မှုကိုလည်း ခွဲတမ်းကျ စနစ်အသုံးပြုကာ ပေးပို့လာနိုင်ခြင်းတို့ဖြစ်ပေါ်လာနိုင်ပြီး ရုရှားနိုင်ငံသည်လည်း စီးပွားရေး ထိခိုက်မှုများ ခံစားရနိုင်ကြောင်း နှစ်နိုင်ငံအာဏာပိုင်များက ပြောကြားထားခဲ့ပါသည်။ ဧပြီလ ၂၇ ရက်တွင် ဓာတ်ငွေ့ပေးပို့မှုဖြတ်တောက်ခြင်းခံရသည့် ပိုက်လိုင်းများမှာ ရုရှား နိုင်ငံမှ ပိုလန်နိုင်ငံသို့ သွယ်တန်းထားသည့် Yamal-Europe ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရုရှားနိုင်ငံမှ ဘူလ်ဂေးရီးယားနိုင်ငံသို့ သွယ်တန်းထားသည့် TurkStream ဓာတ်ငွေ့ ပိုက်လိုင်းတို့ဖြစ်ပါသည်။ Yamal-Europe ဓာတ်ငွေ့ပိုက်လိုင်းသည် ရုရှားနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့များကို ဘီလာရုဇ်နိုင်ငံမှတစ်ဆင့် ပိုလန်နှင့် ဂျာမနီနိုင်ငံတို့ကို ပေးပို့နေသည့် ပိုက်လိုင်းဖြစ်ပါသည်။ ပိုလန်နိုင်ငံသည် ၎င်းပိုက်လိုင်းမှတစ်ဆင့် နှစ်စဉ်ဓာတ်ငွေ့ ကုဗမီတာ ၉ ဘီလီယံခန့် လက်ခံရရှိနေခြင်းဖြင့် နိုင်ငံ၏ဓာတ်ငွေ့လိုအပ်ချက်ပမာဏ ၄၅ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းနေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment