Armradio;Apr-3(Sun)
အာမေးနီးယားဝန်ကြီးချူပ် နီကိုးလ်ပါရှင်ရန် (Nikol Pashinyan) သည် ဧပြီလ ၃ ရက်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးတာဝန်ထမ်းဆောင်သူ လွိုင်ဂီဒီမိုင်အို (Luigi Di Mayo) ဦးဆောင်သော အလုပ်သဘောခရီးစဉ်လာရောက်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ ဆွေးနွေးမှုအတွင်း ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ဆက်ဆံရေး ခိုင်မာအားကောင်းစေမည်ဖြစ်ပြီး အခြားသောဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် တွန်းအားတစ်ခုသဖွယ်ဖြစ်စေမည်ဟု ယုံကြည်ကြောင်း၊ ဥရောပသမဂ္ဂကချမှတ် ထားသည့် မူဘောင်များအတွင်းမှ အီတလီနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရေးကို အလေးထား လုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် နာဂါနို-ကာရာဘတ်ခ် နယ်မြေပတ်ဝန်းကျင်တွင်ဖြစ်ပွား နေသော ဖြစ်စဉ်များနှင့်ပတ်သက်သည့် လေ့လာတွေ့ရှိမှုများကို နီကိုးလ်ပါရှင်ရန်က ဆွေးနွေးခဲ့ပါသည်။
ထို့ပြင် အဇာဘိုင်ဂျန်နိုင်ငံ၏ ရန်လိုသည့်လုပ်ရပ်များအပေါ် နိုင်ငံတကာ၏ လုံလောက်သောတုံ့ပြန်မှုလိုအပ်ကြောင်း၊ နာဂါနို-ကာရာဘတ်ခ် စစ်ရေးပဋိပက္ခနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းပေးနေသည့် ဥရောပဒေသလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization for Security and Co-operation in Europe-OSCE) ၏ မူဘောင်များအတွင်း ပြီးပြည့်စုံသောနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းမှုလိုအပ်ကြောင်း နီကိုးလ်ပါရှင်ရန်က အလေးထားဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း အီတလီနိုင်ငံ အနေဖြင့် စီးပွားရေးဆိုင်ရာနယ်ပယ်တွင် အာမေးနီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု များခိုင်မာအားကောင်းအောင် တိုးမြှင့်လုပ်ဆောင်သွားရန်ဆန္ဒရှိကြောင်း လွိုင်ဂီဒီမိုင်အိုက ပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် အီတလီနှင့် အာမေးနီးယားနိုင်ငံတို့အကြား အခြားသောနယ်ပယ်ကဏ္ဍအသီးသီးအပါအဝင် ပညာရေး၊ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာနှင့် စွမ်းအင်နယ်ပယ်တို့၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်သွားရန် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment