Financia Mirror; May-28(Sat)
ဆိုက်ပရပ်နှင့် အစ္စရေးနိုင်ငံတို့သည် ၎င်းတို့၏ တပ်အရွယ်အစားကြီးမားသော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ရပ်အား ဆိုက်ပရပ်နိုင်ငံ၌ မေလ ၂၉ ရက်တွင် လေ့ကျင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း Financia Mirror သတင်းဌာနက ဖော်ပြခဲ့ပါသည်၊၊ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံအကြား အကြီးမားဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ရပ်ဖြစ်ပြီး ၎င်းစစ်ရေးလေ့ကျင့်ခန်း၌ အီရန်နျူကလီးယားပစ်မှတ်များကို ပုံဖော် တိုက်ခိုက်မှုပုံစံ စစ်ရေးလေ့ကျင့်မှုများ ပါဝင်ပါသည်။ ထို့ပြင် အဆိုပါလေ့ကျင့်ခန်း၌ အစ္စရေးရေတပ်မှ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်လေယာဉ်များစွာ ပါဝင်လေ့ကျင့်မည်ဖြစ်ရာ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်အရေအတွက် အများအပြားပါဝင်သည့် လေ့ကျင့်ခန်းတစ်ရပ် လည်းဖြစ်ကြောင်း ၎င်းသတင်းဌာနက ဆက်လက်ဖော်ပြထားပါသည်။ အဆိုပါနှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းပြုလုပ်ရာသို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ် (Benny Gantz) တက်ရောက်မည်ဖြစ်ပါသည်။ ယခင်နှစ်များက ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု များတွင် နှစ်နိုင်ငံအကြား အထူးတပ်ဖွဲ့ဝင်နှင့် လေတပ်ဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသာ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုသည် ယခင်နှစ်များနှင့် မတူညီသည့်အပြင် လေ့ကျင့်မှုအစီအစဉ်အသေးစိတ်အား ဖော်ပြထားခြင်းမရှိသေး ကြောင်းကိုလည်း ၎င်းသတင်းဌာနက ဆက်လက်ဖော်ပြထားပါသည်။
ယခုနှစ်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်နှင့်ပတ်သက်၍ တူရကီဘက်မှ ကန့်ကွက်တားမြစ်မှုများပြုလုပ်ထားသော်လည်း အစ္စရေးအနေဖြင့် ၎င်းစစ်ရေးလေ့ကျင့်ခန်း သည် ပြည်တွင်းကာကွယ်ရေးကိုသာ ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားပါသည်။ ကမ္ဘာပေါ်တွင် ခေတ်မီနည်းပညာများနှင့် စစ်လက်နက် ပစ္စည်းများပိုင်ဆိုင်သော တပ်မတော်များထဲမှ တစ်ခုဖြစ်သည့် အစ္စရေးစစ်ဘက်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခြင်းသည် ဆိုက်ပရပ်နိုင်ငံအတွက် စစ်ဘက်စွမ်းရည်နှင့် တိုက်ပွဲဝင်အသင့်ဖြစ်မှုကို များစွာတိုးတက်စေနိုင်မည်ဖြစ်ကြောင်း ၎င်းသတင်းဌာနက ဖော်ပြထားသည်ဟု သိရှိရပါသည်။
No comments:
Post a Comment