Eurasia Review; May-9 (Mon)
တူရကီနိုင်ငံအနေဖြင့် အီရတ်နိုင်ငံမြောက်ပိုင်း Qandil တောင်များတွင် ရှိသော ကာ့ဒ်လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ (Kurdistan Workers Party-PKK) အပေါ် တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များနှင့်အမြောက်များ အသုံးပြုတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများက ရေးသား ဖော်ပြခဲ့ကြပါသည်။
သုံးသပ်ချက်
မကြာသေးမီက ပြုလုပ်ခဲ့သည့် တူရကီစစ်ဘက်၏ Operation Claw Lock စစ်ဆင်ရေးသည် ဒေသတွင်းရှိ PKK အကြမ်းဖက်တပ်ဖွဲ့များ၏ အခြေစိုက်စခန်းများကို သုတ်သင်ရှင်းလင်းရန် ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့သည့် စစ်ဆင်ရေးများ၏ နောက်ဆုံး အဆင့်လည်းဖြစ်ပါသည်။ အီရတ်မှ တူရကီသို့ PKK အဖွဲ့များ ဝင်ရောက်လာမည့် လမ်းကြောင်းများအားလုံးကိုပိတ်ပစ်ရန် ကြိုးပမ်းသည့်အနေဖြင့် ယခုစစ်ဆင်ရေးများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က ပြောကြားခဲ့ပါသည်။ သို့သော် အီရတ်နိုင်ငံရှိ PKK အကြမ်းဖက်တပ်ဖွဲ့များ အပေါ် တူရကီနိုင်ငံ၏ စစ်ရေးအရ တိုက်ခိုက်နေမှုများသည် အီရတ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အီရတ်နှင့် ကာ့ဒ်ဒေသဆိုင်ရာ အစိုးရနှစ်ရပ်စလုံးက ဝေဖန်ပြစ်တင်လျက်ရှိပါသည်။ အီရတ်နိုင်ငံအခြေစိုက် PKK များအပေါ် တူရကီ တပ်ဖွဲ့ဝင်များ၏ ကျူးကျော်တိုက်ခိုက်ခြင်းသည် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်သကဲ့သို့ အိမ်နီးချင်းကောင်းဟူသော အယူအဆနှင့် ဆန့်ကျင်သည့် လုပ်ရပ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား ခဲ့ပါသည်။ ကာ့ဒ်သူပုန်များအပေါ် ဦးတည်ဆောင်ရွက်နေသည့် တူရကီနိုင်ငံ၏ စစ်ဆင်ရေးများသည် တူရကီနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ လုံခြုံရေးကို ရှေးရှုလုပ်ဆောင်ခြင်းဖြစ်သည့်အပြင် တူရကီနိုင်ငံအရှေ့တောင်ပိုင်း ဒေသ၌ သီးခြားကာ့ဒ်နိုင်ငံတော်တစ်ခု ထူထောင်ရေးဟူသော ကာ့ဒ်တို့၏ ရည်မှန်းချက်အား ကာကွယ်တားဆီးခြင်းဖြစ်သည်ကိုလည်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်လိုသည့် တူရကီနိုင်ငံနှင့် သီးခြားနိုင်ငံထူထောင်လိုသည့် ကာ့ဒ်တို့အကြား စစ်ရေးအရထိပ်တိုက်တွေ့ဆုံမှုများ ဆက်လက်ဖြစ်ပွားနေဦးမည်သာ ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment