Reuters; May-8
(Sun)
နိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့်
ဆီးရီးယားနိုင်ငံရှိ ဒေသ ၁၃ ခုသို့ မိမိသဘောဆန္ဒအလျောက်ပြန်လိုသည့် ဆီးရီးယားဒုက္ခသည် ၁
သန်းကျော်အား ပြန်လည် ပို့ဆောင်ပေးမည့်အစီအစဉ်အတွက်
လိုအပ်သောပြင်ဆင်မှုများကို လုပ်ဆောင်လျက် ရှိကြောင်း တူရကီသမ္မတ
ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip
Erdogan) က ပြောကြားခဲ့ပါသည်။
သုံးသပ်ချက်
၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်ကြောင့်
ဆီးရီးယား ပြည်သူအများစုသည် အခြားနိုင်ငံများသို့ ဒုက္ခသည်များအဖြစ် ထွက်ပြေးခိုလှုံခဲ့ကြရ
ပါသည်။ ဆီးရီးယားဒုက္ခသည်အများစုအား တူရကီနိုင်ငံမှလက်ခံထားရှိပြီး လက်ရှိ အချိန်တွင် တူရကီနိုင်ငံ၌ တရားဝင်မှတ်ပုံတင်ထားသော
ဆီးရီးယားဒုက္ခသည် အရေအတွက် ၃.၇ သန်းခန့်ရှိသည်ကို
တွေ့ရှိရပါသည်။ တူရကီနိုင်ငံသည် ဥရောပသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဒုက္ခသည်အရေးဆိုင်ရာ ထောက်ပံ့ငွေများကိုရယူ၍ အဆိုပါဒုက္ခသည်များအား
ကူညီစောင့်ရှောက်လျက်ရှိပါသည်။ မကြာသေးမီနှစ်များ အတွင်း ဆီးရီးယားဒုက္ခသည် ၅၀၀,၀၀၀ ခန့်အား ၎င်းတို့၏ နေရပ်ဒေသများသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ ယခုတစ်ဖန် ဆီးရီးယားဒုက္ခသည်
တစ်သန်းခန့်အား ၎င်းတို့၏ သဘောဆန္ဒအလျောက် နေရပ်ဒေသများသို့ ပြန်လည် ပို့ဆောင်ပေးရန်
စီစဉ်လျက်ရှိပါသည်။ ထိုသို့ပြန်လည်ပို့ဆောင်ရာတွင် ၎င်းတို့အတွက် ဗလီ၊
စာသင်ကျောင်း၊ ဆေးရုံ၊ မုန့်ဆိုင်များအပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှသည်
စက်မှုလုပ်ငန်းအထိ နေ့စဉ်လူနေမှုဘဝနှင့်
ဖူလုံသောစီးပွားရေးဆိုင်ရာ အခြေခံ အဆောက်အအုံများကို ထောက်ပံ့ပေးရန်အထိပါဝင်ကြောင်း
အာဒိုဂန်က ပြောကြား ထားပါသည်။ တူရကီနိုင်ငံအနေဖြင့်
ဆီးရီးယားဒုက္ခသည်များကို လက်ခံပေးထားခြင်း အားဖြင့်
လူသားချင်းစာနာထောက်ထားသည့် နိုင်ငံတစ်ခုအဖြစ် ပုံရိပ်ကောင်းရရှိသည့် အပြင်
ဒုက္ခသည်များကို စောင့်ရှောက်နိုင်ရန် နိုင်ငံတကာမှပေးအပ်သည့် အလှူငွေများ ကိုလည်း
လက်ခံရရှိလျက်ရှိပါသည်။ ယခုတစ်ဖန် လက်ခံထားရသည့် ဒုက္ခသည်များ ကြောင့်
တူရကီနိုင်ငံ၏ လူမှုစီးပွားလုံခြုံရေးအပေါ် ထိခိုက်ခံစားရမှုများကို လျှော့ချ သည့်အနေဖြင့် နောက်ထပ်ဒုက္ခသည်များ
နေရပ်ပြန်လည်ပို့ဆောင်ရန် ကြိုးပမ်းခြင်းဖြင့် တူရကီပြည်သူများ၏
ထောက်ခံမှုကိုရယူရန် ကြိုးပမ်းလျက်ရှိပါသည်။ တူရကီသမ္မတ အာဒိုဂန်အနေဖြင့် ၂၀၂၃ ခုနှစ်တွင်
ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် အနိုင် ရရှိစေရန် မဲဆွယ်စည်းရုံးမှုနည်းလမ်းတစ်ခုအဖြစ်
ဆီးရီးယားဒုက္ခသည်များကို အသုံးချ နေဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment