Friday, May 20, 2022

NATO အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်သည် ဖင်လန်နှင့် ဆွီဒင်တို့၏ အဖွဲ့ဝင်ဖြစ်ရေးလျှောက်ထားချက်များနှင့်ပတ်သက်၍ တူရကီ၏ စိုးရိမ်မှုများကို ဖြေရှင်းသွားမည်ဆိုခြင်း

Xinhua; May-20(Fri)

ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်ခွင့်လျှောက်ထားမှုနှင့် ပတ်သက်၍ တူရကီနိုင်ငံ၏စိုးရိမ်ပူပန်မှုများကို ဖြေရှင်းသွားမည်ဟု NATO အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စ်စတိုတန်ဘာဂ့် (Jens Stoltenberg) က မေလ ၁၉ ရက်တွင် ကတိပြုပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက မေလ ၂၀ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ စတိုတန်ဘာဂ့်သည် ဒိန်းမတ်ဝန်ကြီးချုပ် မက်တယ်ဖရက် ဒီရက်ဆန် (Mette Frederiksen) နှင့် မေလ ၁၉ ရက်တွင် ပူးတွဲပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်ဖြစ်ရေးလျှောက်ထားချက်များနှင့်ပတ်သက်၍ ၎င်းတို့ အနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အကျိုးစီးပွားနှင့် စိုးရိမ် ပူပန်မှုများကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း စတိုတန်ဘာ့ဂ်က ပြောကြားခဲ့ပါသည်။

ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် ဆီးရီးယားရှိ အကြမ်းဖက်ကာ့ဒ်သူပုန်အဖွဲ့ များကို ထောက်ပံ့ပေးသည့်နိုင်ငံများဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စွပ်စွဲပြောကြားခဲ့ပြီး ၎င်းတို့၏ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုများအပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့ပါသည်။ NATO အဖွဲ့သည် တူရကီ အပါအဝင် နော်ဒစ်ဒေသအတွင်းရှိ ဖင်လန်၊ ဆွီဒင်နိုင်ငံတို့နှင့် နီးကပ်သည့်ဆက်ဆံရေး များရှိသောကြောင့် ၎င်းတို့အကြား အပြုသဘောဆောင်သည့်ရလဒ်ကောင်းများ ပေါ်ထွက် လာစေရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စတိုတန်ဘာဂ့်က ပြောကြားခဲ့ပါသည်။ ရုရှားအနေဖြင့် ဘောလ်တစ်ပင်လယ် (Baltic Sea) ဒေသ၌ ၎င်း၏ ကာကွယ်ရေးစွမ်းရည်များကို ခိုင်မာအောင်လုပ်ဆောင်၍ စစ်ရေးတည်ရှိမှုကို ထိန်းသိမ်းရန်အတွက် ၎င်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံ တို့အား NATO အဖွဲ့သို့ ဝင်ရောက်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးပြောကြားမှုများ ပြုလုပ်ခဲ့သော်လည်း ဖင်လန်နှင့်ဆွီဒင်တို့သည် NATO အဖွဲ့သို့ ဝင်ရောက်ရန်အတွက် အဆိုပြုလွှာများအား မေလ ၁၈ ရက်တွင် တင်သွင်းခဲ့ကြောင်း သတင်းအရင်းအမြစ် များ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

No comments:

Post a Comment