Thursday, May 26, 2022

တူရကီ၏စိုးရိမ်ပူပန်မှုများကို ဖြေရှင်းမပေးပါက ဆွီဒင်နှင့် ဖင်လန်၏ NATO အဖွဲ့သို့ ဝင်ရောက်ရန် ကြိုးပမ်းမှုမှာ တိုးတက်မှုမရနိုင်ကြောင်း တူရကီက ပြောကြားခဲ့ခြင်း

 

Xinhua; May-26(Thu)

              တူရကီနိုင်ငံသည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) သို့ ဝင်ရောက်ရေးဆိုင်ရာ ထောက်ခံမှုရရှိစေမည့် အခြေခံသတ်မှတ်ချက်များ ထားရှိပေးထားကြောင်း တူရကီသမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကာလင် (Ibrahim Kalin) က မေလ ၂၅ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီ၏ စိုးရိမ်ပူပန် မှုများကို ဖြေရှင်းရန် တိကျသော၊ ခိုင်မာသောအစီအစဉ်များချမှတ်၍ ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိပါက ဆွီဒင်နှင့် ဖင်လန်တို့၏ NATO မဟာမိတ်အဖွဲ့အတွင်းသို့ ဝင်ရောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များသည် တိုးတက်မှုရှိလာမည်မဟုတ်ကြောင်းနှင့် တူရကီ၏စိုးရိမ်ပူပန်မှုများအား ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အနေဖြင့် တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ပေးလာသည်အထိ ဆွေးနွေးညှိနှိုင်းမှုများအား ဆက်လက်လုပ်ဆောင်သွားမည်

ဖြစ်ကြောင်း ကာလင်က ပြောကြားခဲ့ပါသည်။ NATO အဖွဲ့ဝင်နိုင်ငံများအဖြစ် လက်ခံ သွားရန် တူရကီနိုင်ငံက ကန့်ကွက်နေမှုအား ဖြေရှင်းရန်အတွက် ဆွီဒင်နှင့် ဖင်လန်တို့မှ တာဝန်ရှိသူများသည် တူရကီနိုင်ငံမှ တာဝန်ရှိသူများနှင့် တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ၌ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို မေလ ၂၅ ရက်တွင် ပြုလုပ်ခဲ့ပါသည်။

              ဆွီဒင်နှင့် ဖင်လန်တို့သည် NATO အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြု လက်ခံရေး လျှောက်လွှာများကို တရားဝင်တင်သွင်းခဲ့ကြသော်လည်း တူရကီသည် ၎င်းတို့၏ အဆိုပြုချက်များကို ယခုအချိန်ထိတိုင် ကန့်ကွက်နေသည့် တစ်ခုတည်းသော NATO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၎င်းနိုင်ငံများအနေဖြင့် ကာဒစ်စတန်အလုပ်သမားပါတီ (PKK) နှင့် ဆီးရီးယားရှိ ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) များကို တရားမဝင် ထောက်ခံလျက်ရှိကြောင်းလည်း စွပ်စွဲပြောကြားထားပါသည်။ တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းထားသော PKK အဖွဲ့သည် တူရကီအစိုးရအား ဆယ်စုနှစ်သုံးခုကျော်ကြာ ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး YPG သည် လည်း PKK ၏ အဖွဲ့ခွဲတစ်ခုအဖြစ် တူရကီနိုင်ငံက သတ်မှတ်ထားပါသည်။ ထို့ပြင် ၎င်း ၂ နိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် မအောင်မြင်သောအာဏာသိမ်းမှုတွင် ပါဝင်သည့် ဖက်သူလာအကြမ်းဖက်အဖွဲ့ (Fethullah Terrorist Organization-FETO) အဖွဲ့ဝင်များကိုလည်း ၎င်းနိုင်ငံများအတွင်း၌ ခိုလှုံခွင့်ပြုထားကြောင်းကိုလည်း တူရကီ နိုင်ငံက စွပ်စွဲပြောကြားခဲ့ပါသည်။ ထို့ကြောင့် တူရကီနိုင်ငံအနေဖြင့် ၎င်းတို့အား ပြန်လည်လွှဲပြောင်းပေးရေးအပါအဝင် ဆွီဒင်နိုင်ငံထံ တောင်းဆိုချက် ၂၈ စောင်နှင့် ဖင်လန်နိုင်ငံထံ ၁၇ စောင်ပေးပို့ခဲ့သော်လည်း ၎င်းနိုင်ငံများထံမှ တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ကာလင်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment