Wednesday, June 29, 2022

ဂရိသည် အမေရိကန်နိုင်ငံမှ F-35 ဂျက်တိုက်လေယာဉ် အစီး ၂၀ ဝယ်ယူရန် တရားဝင်တောင်းဆိုချက်တစ်စောင် ပေးပို့ခဲ့ခြင်း

 

Nasdaq; Jun-30(Thu)

              အမေရိကန်စစ်လက်နက်ပစ္စည်းကုမ္ပဏီ  Lockheed Martin ထုတ် F-35 ဂျက်တိုက်လေယာဉ် အစီး ၂၀ ဝယ်ယူရန်အတွက် ၎င်းတို့နိုင်ငံက အမေရိကန်နိုင်ငံသို့ တရားဝင်တောင်းဆိုချက်စာတစ်စောင် ပေးပို့ခဲ့သည်ဟု ဂရိဝန်ကြီးချုပ် ကရီယာကော့စ် မစ်ဆိုတားကစ် (Kyriakos Mitsotakis) က ပြောကြားခဲ့ကြောင်း Nasdaq သတင်း ဌာနက ဇွန်လ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် F-35 ဂျက်တိုက် လေယာဉ် ဝယ်ယူရေးအစီအစဉ်၏ ပထမဆုံးအဆင့်အနေဖြင့် ထိုသို့တောင်းဆိုချက် စာတစ်စောင်အား ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ဂရိအစိုးရအနေဖြင့် အဆိုပါတိုက်လေယာဉ်များကို ၂၀၂၇ ခုနှစ်၊ သို့မဟုတ် ၂၀၂၈ ခုနှစ်၌ လက်ခံရရှိရန် မျှော်မှန်းလျက်ရှိပါသည်။

              ဝန်ကြီးချုပ် မစ်ဆိုတားကစ်သည် ပြီးခဲ့သည့် မေလတွင် အမေရိကန်နိုင်ငံသို့ သွားရောက်စဉ်အတွင်း၌လည်း F-35 ဂျက်တိုက်လေယာဉ်များဝယ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ မကြာသေးမီနှစ်များအတွင်း တူရကီနိုင်ငံနှင့် တင်းမာမှုများ ပြန်လည် ဖြစ်ပွားလျက်ရှိသည့် NATO အဖွဲ့ဝင် ဂရိနိုင်ငံသည် စစ်လက်နက်ပစ္စည်းဝယ်ယူမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး လက်ရှိတွင် ကာကွယ်ရေးအသုံးစရိတ်အတွက် GDP ၏ ၂ ရာခိုင်နှုန်းကျော်ကို  သုံးစွဲလျက်ရှိပါသည်။ ဂရိနှင့် တူရကီနိုင်ငံတို့သည် အေဂျီယန် (Aegean) ပင်လယ်အတွင်း လေယာဉ်ကျူးကျော်ဝင်ရောက်ပျံသန်းမှုကိစ္စရပ်များ၊ ကျွန်းပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် အငြင်းပွားမှုကိစ္စရပ်များ၊ စွမ်းအင်အရင်းအမြစ် ဆိုင်ရာ ရေကြောင်းနယ်နိမိတ်အငြင်းပွားမှုကိစ္စရပ်များနှင့် ဆိုက်ပရပ်စ်အရေးကိစ္စရပ်များ စသည်တို့နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာ တင်းမာမှုများ ဖြစ်ပွား လျက်ရှိကြောင်း သိရှိရပါသည်။

ပိုလန်နိုင်ငံသည် ၁၈၆ ကီလိုမီတာရှည်လျားသည့် နယ်စပ်တံတိုင်းအသစ်ကို အပြီးသတ်တည်ဆောက်ခဲ့ခြင်း

 

Euronews; Jun-30(Thu)

              ပိုလန်နိုင်ငံသည် ဘီလာရုဇ်နိုင်ငံမှ ရွှေ့ပြောင်းဒုက္ခသည်များ ဝင်ရောက်လာခြင်းကို တားဆီးနိုင်ရန်အတွက် ၁၈၆ ကီလိုမီတာ ရှည်လျားသည့် နယ်စပ်တံတိုင်းအသစ်ကို အပြီးသတ်တည်ဆောက်နိုင်ခဲ့ကြောင်း Euronews သတင်းဌာနက ဇွန်လ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) နှင့် ထိပ်တန်းလုံခြုံရေးအရာရှိများသည် ၅.၅ မီတာအမြင့်ရှိသည့် သံမဏိအမျိုးအစား နယ်စပ် တံတိုင်းတည်ဆောက်မှုပြီးစီးခြင်း အထိမ်းအမှတ်ပြုလုပ်ရန်အတွက် ဇွန်လ ၃၀ ရက်တွင် နယ်စပ်ဒေသသို့ သွားရောက်ခဲ့ပါသည်။ ထို့ပြင် ပိုလန်အစိုးရသည် သတင်းသမားများအား နယ်စပ်ဒေသသို့ ဝင်ရောက်ခွင့်ပိတ်ပင်ထားသည့် အရေးပေါ်အခြေအနေကိုလည်း ဇူလိုင်လ ၁ ရက်တွင် ပြန်လည်ရုပ်သိမ်းရန် စီစဉ်ထားပါသည်။ ထိုကဲ့သို့ ပိုလန်နိုင်ငံ၏ နယ်စပ်တံတိုင်းသစ်တည်ဆောက်မှုသည် ရုရှားနိုင်ငံကို ဆန့်ကျင်သည့်လုပ်ရပ်များ အနက် တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် မိုရာဝီခ်ကီ က ပြောကြားခဲ့ပါသည်။

              ဘီလာရုဇ်အစိုးရသည် ၂၀၂၁ ခုနှစ်ကတည်းက ၎င်းတို့နိုင်ငံမှတစ်ဆင့် ပိုလန်၊ လစ်သူရေးနီးယားနှင့် လတ်ဗီးယားနိုင်ငံများသို့ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းဒုက္ခသည်များအရေးကို လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ကြောင်း ပိုလန်အာဏာပိုင်များက ယုံကြည်လျက်ရှိပါသည်။ ထို့ပြင် ဘီလာရုဇ် အစိုးရသည် ၎င်းတို့အစိုးရအပေါ် EU ၏ အရေးယူပိတ်ဆို့မှုများအား လက်တုံ့ပြန်သည့် အနေဖြင့် မျိုးစပ်စစ်ပွဲ (Hybrid Warfare) ကို ဆင်နွှဲနေကြောင်းနှင့် ရွှေ့ပြောင်းဒုက္ခသည် အရေးကိုအသုံးပြု၍ EU အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုပျက်ပြားစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း EU  က စွပ်စွဲပြောကြားထားပါသည်။ ပိုလန်နိုင်ငံ၏ နယ်စပ် တံတိုင်းတည်ဆောက်မှုနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကမူ ပိုလန် သည် ဘီလာရုဇ်မှတစ်ဆင့် ၎င်းနိုင်ငံအတွင်းဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသည့် အာရှ ဒုက္ခသည်များကိုသာ တားဆီးနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယူကရိန်း စစ်ဘေးဒုက္ခသည် သန်းပေါင်းများစွာကိုမူ ကြိုဆိုလက်ခံလျက်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တူရကီသမ္မတသည် ယူကရိန်းနိုင်ငံမှ ဂျုံများတင်ပို့ရေးကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်သွားရန် စီစဉ်ထားခြင်း

 

Tass; Jun-30(Thu)

              တူရကီနိုင်ငံအနေဖြင့် ယူကရိန်းမှ ဂျုံများတင်ပို့နိုင်ရေးကိစ္စရပ်နှင့်ပတ်သက်၍ လာမည့်သီတင်းပတ်အစောပိုင်းတွင် ရုရှား၊ ယူကရိန်းနိုင်ငံတို့နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်သွားရန်စီစဉ်ထားကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tay yip Erdogan) က ဇွန်လ ၃၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ယူကရိန်းနိုင်ငံရှိ ဆိပ်ကမ်းများပိတ်ထားရသဖြင့် ယူကရိန်း ထုတ်ကုန်များတင်ပို့နိုင်ရန်အတွက် စင်္ကြံတစ်ခုဖန်တီးရေးကိစ္စရပ်အား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက NATO ထိပ်သီးဆွေးနွေးပွဲအပြီးပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ယူကရိန်းထုတ်ကုန်များ တင်ပို့နိုင်ရေးကိစ္စရပ်နှင့် ပတ်သက်၍ ရုရှားနှင့် ယူကရိန်နိုင်ငံတို့မှ သမ္မတများနှင့် အဆက်မပြတ်ဆက်သွယ်နေ လျက်ရှိကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

              ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ (Sergey Lavrov) နှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) တို့သည် ယူကရိန်း ထုတ်ကုန်များတင်ပို့ရန် စင်္ကြံတစ်ခုဖန်တီးရေးကိစ္စရပ်နှင့်ပတ်သက်၍ ဇွန်လ ၈ ရက်တွင် တူရကီနိုင်ငံ၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် တူရကီနှင့် ရုရှားစစ်ဘက် ကိုယ်စားလှယ်များသည်လည်း ယူကရိန်းနိုင်ငံမှ ဂျုံများတင်ပို့ရေးအတွက် ဘေးကင်း လုံခြုံသည့်စင်္ကြံတစ်ခု ဖန်တီးရေးကိစ္စရပ်နှင့်ပတ်သက်၍ ဇွန်လ ၂၁ ရက်တွင် ဆွေးနွေး ခဲ့ကြပြီး တူရကီနိုင်ငံခြားရေးနှင့်ကာကွယ်ရေးဝန်ကြီးဌာနတို့က ၎င်းဆွေးနွေးမှုသည် အပြုသဘောဆောင်သည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ယူကရိန်း နိုင်ငံသည် ဘယ်ဒီယန့်စ်ခ် (Berdyansk) နှင့် မာရီယူပိုးလ် (Mariupol) ကဲ့သို့ ရုရှားထိန်းချုပ် ထားသည့် ဆိပ်ကမ်းများမှတစ်ဆင့် ၎င်းတို့ထုတ်ကုန်များတင်ပို့သွားမည်ဆိုပါက ရုရှား နိုင်ငံအနေဖြင့် ယူကရိန်းသင်္ဘောများအား ဖြတ်သန်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က အစောပိုင်းတွင် ပြောကြားထား သည်ဟု သိရှိရပါသည်။

ကာလီနင်ကရက်ဒေသသို့ ကုန်စည်စီးဆင်းမှုကို လစ်သူရေးနီးယားက ပိတ်ဆို့ထားခြင်းသည် စစ်ရေးပဋိပက္ခသို့ ဦးတည်လျက်ရှိကြောင်း ရုရှားအထက်လွှတ်တော်အမတ်က ခြိမ်းခြောက်ပြောကြားခဲ့ခြင်း

 

Ukrainska Pravda; Jun-29 (Wed)

              ရုရှားနိုင်ငံ၏ ပင်မကုန်းမြေနှင့် ကာလီနင်ဂရက်ဒေသ (Kaliningard) တို့အကြား ကုန်စည်စီးဆင်းမှုများကို လစ်သူရေးနီးယားနိုင်ငံက ပိတ်ဆို့ထားမှုသည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရေးဆီသို့ ဦးတည်လျက်ရှိကြောင်း ရုရှားအထက်လွှတ်တော်၏ နိုင်ငံ တကာရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ () ဖြစ်သူ ဗလာဒီမာဇာတ်ဘာရို့ဗ် (Vladimir Dzhabarov) က ခြိမ်းခြောက်ပြောကြားခဲ့သည်ဟု Ukrainska Pravda သတင်းဌာနက ဇွန်လ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

              ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက်ဒေသသည် ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံတို့ အကြားတွင်တည်ရှိပြီး ဘောလ်တစ်ဒေသအား ထိန်းချုပ်နိုင်ရန်နှင့် ဥရောပဒေသကို ခြိမ်းခြောက်ရန်တို့အတွက် အရေးပါသောနေရာတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ရုရှားသည် စစ်အေးကာလကပင် ကာလီနင်ဂရက်ဒေသအား ခံတပ်မြို့အသွင် တည်ဆောက်ခဲ့ကာ အဆင့်မြင့်လက်နက်များဖြန့်ကြက်ထားပြီး NATO အဖွဲ့ဝင်နိုင်ငံများကို နှစ်ပေါင်းများစွာကြာ ခြိမ်းခြောက်ထားခဲ့ပါသည်။ သို့ဖြစ်၍ NATO အဖွဲ့ဝင်နိုင်ငံများသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအပေါ်အခြေခံ၍ ကာလီနင်ဂရက်ဒေသအား ဖြတ်တောက်ပိတ်ဆို့နိုင်ရေး လုပ်ဆောင်လျက်ရှိရာ လစ်သူရေးနီးယားနိုင်ငံသည် ရုရှားနိုင်ငံ၏ ပင်မကုန်းမြေနှင့် ကာလီနင်ဂရက်ဒေသတို့အကြား ကုန်စည်စီးဆင်းမှုများကို ပိတ်ဆို့ခဲ့ကြောင်း တွေ့ရှိရပါသည်။ အဆိုပါပိတ်ဆို့မှုသည် ရုရှားအပေါ် ကြီးမားသောထိုးနှက်ချက်တစ်ရပ် ဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် အဆိုပါပိတ်ဆို့မှုနှင့်စပ်လျဉ်း၍ လစ်သူရေးနီးယားနိုင်ငံ၏ လုပ်ဆောင်ချက်သည်  လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရေးဆီသို့ ဦးတည်လျက်ရှိကြောင်းနှင့် ရုရှားအနေဖြင့် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ့နယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးကို မဖြစ်မနေလုပ်ဆောင်သွားမည်ဖြစ်သည်ဟု ရုရှားအထက်လွှတ်တော်အမတ်တစ်ဦးက ခြိမ်းခြောက်ပြောထားကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ရုရှားနိုင်ငံသည် မဟာဗျူဟာ အရ အရေးပါသော ကာလီနင်ဂရက်ဒေသအရေးနှင့်စပ်လျဉ်း၍ ပြင်းထန်စွာ တုံ့ပြန် လုပ်ဆောင်လာနိုင်ပြီး အနောက်အုပ်စု၏ဩဇာခံ လစ်သူရေးနီးယားနိုင်ငံအနေဖြင့်လည်း ဖြေလျှော့ပေးခြင်းမရှိဘဲ ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါ ဘောလ်တစ်ဒေသအတွင်း စစ်ရေးအားပြိုင်မှုမြင့်တက်လာကာ နှစ်ဖက်အကြား စစ်ရေးထိပ်ထိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။