Tass; Jun-30(Thu)
တူရကီနိုင်ငံအနေဖြင့် ယူကရိန်းမှ ဂျုံများတင်ပို့နိုင်ရေးကိစ္စရပ်နှင့်ပတ်သက်၍ လာမည့်သီတင်းပတ်အစောပိုင်းတွင် ရုရှား၊ ယူကရိန်းနိုင်ငံတို့နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်သွားရန်စီစဉ်ထားကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tay yip Erdogan) က ဇွန်လ ၃၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ယူကရိန်းနိုင်ငံရှိ ဆိပ်ကမ်းများပိတ်ထားရသဖြင့် ယူကရိန်း ထုတ်ကုန်များတင်ပို့နိုင်ရန်အတွက် စင်္ကြံတစ်ခုဖန်တီးရေးကိစ္စရပ်အား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက NATO ထိပ်သီးဆွေးနွေးပွဲအပြီးပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ယူကရိန်းထုတ်ကုန်များ တင်ပို့နိုင်ရေးကိစ္စရပ်နှင့် ပတ်သက်၍ ရုရှားနှင့် ယူကရိန်နိုင်ငံတို့မှ သမ္မတများနှင့် အဆက်မပြတ်ဆက်သွယ်နေ လျက်ရှိကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ (Sergey Lavrov) နှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) တို့သည် ယူကရိန်း ထုတ်ကုန်များတင်ပို့ရန် စင်္ကြံတစ်ခုဖန်တီးရေးကိစ္စရပ်နှင့်ပတ်သက်၍ ဇွန်လ ၈ ရက်တွင် တူရကီနိုင်ငံ၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် တူရကီနှင့် ရုရှားစစ်ဘက် ကိုယ်စားလှယ်များသည်လည်း ယူကရိန်းနိုင်ငံမှ ဂျုံများတင်ပို့ရေးအတွက် ဘေးကင်း လုံခြုံသည့်စင်္ကြံတစ်ခု ဖန်တီးရေးကိစ္စရပ်နှင့်ပတ်သက်၍ ဇွန်လ ၂၁ ရက်တွင် ဆွေးနွေး ခဲ့ကြပြီး တူရကီနိုင်ငံခြားရေးနှင့်ကာကွယ်ရေးဝန်ကြီးဌာနတို့က ၎င်းဆွေးနွေးမှုသည် အပြုသဘောဆောင်သည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ယူကရိန်း နိုင်ငံသည် ဘယ်ဒီယန့်စ်ခ် (Berdyansk) နှင့် မာရီယူပိုးလ် (Mariupol) ကဲ့သို့ ရုရှားထိန်းချုပ် ထားသည့် ဆိပ်ကမ်းများမှတစ်ဆင့် ၎င်းတို့ထုတ်ကုန်များတင်ပို့သွားမည်ဆိုပါက ရုရှား နိုင်ငံအနေဖြင့် ယူကရိန်းသင်္ဘောများအား ဖြတ်သန်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က အစောပိုင်းတွင် ပြောကြားထား သည်ဟု သိရှိရပါသည်။
No comments:
Post a Comment