Monday, June 27, 2022

အဇာဘိုင်ဂျန်နှင့် တူရကီနိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်တက်လျက်ရှိသည်ဟု အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

 

Trend; Jun-27 (Mon)

              အဇာဘိုင်ဂျန်နှင့် တူရကီနိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် တစ်ဟုန်ထိုးမြင့်တက်လျက်ရှိကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီး ဇာကီ ဟန်ဆနော့ (Zakir Hasanov) က နိုင်ငံပိုင် AZERTAC သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက ဇွန်လ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

              အဇာဘိုင်ဂျန်နှင့် တူရကီနိုင်ငံတို့သည် ဆိုဗီယက်ပြည်ထောင်စုမှ အဇာဘိုင်ဂျန် ခွဲထွက်ခဲ့သည့် ၁၉၉၁ ခုနှစ်မှစ၍ မိတ်ဖက်ဆက်ဆံရေးစတင်တည်ဆောက်ခဲ့ပြီး လူမျိုး၊ ဘာသာနှင့် ယဉ်ကျေးမှုလည်း တူညီသောနိုင်ငံများဖြစ်သောကြောင့် ဆက်ဆံရေး ကောင်းမွန်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်တွင် နှစ်ဖက်အစိုးရအကြား စစ်ဘက်ပညာရေးနှင့် စစ်လက်နက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး စစ်ဘက် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုလည်း စတင်လုပ်ဆောင်ခဲ့ပါသည်။ ထိုကဲ့သို့ လုပ်ဆောင် လာခဲ့မှုနှင့်အတူ အဇာဘိုင်ဂျန်နှင့် အားမေးနီးယားနိုင်ငံအကြား ဖြစ်ပွားခဲ့သော နာဂေါ်နို-ကရာဘတ်ခ်ဒေသ စစ်ရေးပဋိပက္ခများတွင်လည်း တူရကီနိုင်ငံက စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အပြည့်အဝထောက်ပံ့ကူညီပေးခဲ့မှုကြောင့် ၎င်းတို့နှစ်နိုင်ငံ အကြား ဆက်ဆံရေးမှာ တိုးတက်ကောင်းမွန်ခဲ့ပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံ၊ ရှူရှာ (Shusha) မြို့၌ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ကြေညာချက်ကိုလည်း သမ္မတနှစ်ဦးက လက်မှတ်ရေးထိုး ခဲ့ပြီး ဆက်ဆံရေးပိုမိုကောင်းမွန်အောင် တည်ဆောက်ခဲ့ပါသည်။ လက်ရှိတွင်လည်း တူရကီစစ်ဘက်၏ စက်မှုပညာကျွမ်းကျင်သူများနှင့် ခံစစ်တပ်ဖွဲ့များသည် အဇာဘိုင်ဂျန် နိုင်ငံအတွင်း၌ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော ခဲယမ်းမီးကျောက်များကို ရှင်းလင်းရာတွင် ပါဝင်ကူညီပေးလျက်ရှိကြောင်း တွေ့ရှိရပြီး နှစ်နိုင်ငံအကြား စစ်ဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ဟုန်ထိုးမြင့်တက်လျက်ရှိကြောင်း အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီး ဇာကီဟန်ဆနော့ (Zakir Hasanov) ပြောကြားချက်အရ သိရှိရပါသည်။ အဇာဘိုင်ဂျန်အနေဖြင့် ၎င်းကဲ့သို့ တူရကီနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာခြင်းမှတစ်ဆင့် နိုင်ငံ၏စစ်ရေးစွမ်းရည်ကို ပိုမို အားကောင်းအောင် ဦးတည်လုပ်ဆောင်လာနိုင်ဖွယ်ရှိပြီး တူရကီနိုင်ငံအနေဖြင့်လည်း တောင်ကော့ကေးဆပ်ဒေသတွင်းနိုင်ငံများကို ရုရှားနှင့်အပြိုင် ဩဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment